Friday, March 3, 2023

ငွေကြေး၊ အချိန်နှင့် ဘဝတို့ ကြီးစွာသော ဆုံးရှုံးမှုမကြုံရအောင်

 

 


ပစ္စက္ခမြန်မာ့ပညာရေးကို သရုပ်ခွဲကြည့်လျှင် အလင်းခြမ်းနှင့် အမှောင်ခြမ်းဟူ၍ နှစ်ပိုင်းတွေ့နိုင်သည်။ အလင်းခြမ်းတွင် အခြေခံပညာကျောင်းများ မူလတန်းနှင့်အလယ်တန်းတို့ နှစ်ဆုံးစာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြပြီ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ များမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ယူနေကြပြီဖြစ်သည်။

အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းအသိပေးလျက် ရှိသကဲ့သို့ သက်ဆိုင်ရာကျောင်းများ အလိုက်လည်း မိဘများနှင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောမှုများ ပြုလုပ်လျက်ရှိသည်။ အဆင့်မြင့်ပညာရေးတွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပုံမှန်ပညာသင်နှစ် သင်ကြားပို့ချမှုများ၊ စာတမ်းဖတ်ပွဲ၊ ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ သီချင်းဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဘောလုံးပွဲများ ကျင်းပကာရွှင်လန်းတက်ကြွစွာ သင်ကြားသင်ယူမှုများဖြင့် လှုပ်ရှားရှင်သန်လျက်ရှိသည်။ မြန်မာ့ပညာရေး၏ အလင်းခြမ်းတွင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မရှိမဖြစ်အရေးပါသော တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနိုင်ငံတော်၏ဆောင်ရွက်ချက်များနှင့်အတူ ကျောင်းသူကျောင်းသား လူငယ်များ၏ အနာဂတ်မျှော်လင့်ချက်များနှင့် တက်ကြွလှုပ်ရှားမှုများကို ပီပြင်စွာတွေ့မြင်နိုင်သည်။

မြန်မာ့ပညာရေး၏အမှောင်ခြမ်းမှာမူ အမြင်ကျဉ်းမြောင်းပြီး တစ်ကိုယ်ကောင်းဆန်သည့် နိုင်ငံရေးအမှောင့်ပယောဂများ ပူးကပ်ခံရကာ ကျောင်းသူကျောင်းသားလူငယ်များမှာ သားကောင်များအဖြစ် စတေးခံနေကြရသည်။ အကြမ်းဖက်သမားများက စာသင်မပျက်သည့် ဆရာဆရာမများကို ရန်သူအဖြစ် သတ်မှတ်၍ သတ်ဖြတ်ကြပြီး ကျောင်းစာအုပ်များ၊ စာသင်ကျောင်းများကို မီးရှို့မိုင်းခွဲဖျက်ဆီးကြသည့်အပြင် ခြိမ်းခြောက်၍ စာသင်ကျောင်းများကို ပိတ်ခိုင်းခြင်းဖြင့် ကလေးများ၏ ပညာသင်ယူနိုင်ခွင့်အခွင့်အရေးများကို ပိတ်ပင်ကာ အနာဂတ်ဘဝများစွာတို့ကို ဖျက်ဆီးလိုက်ကြသည်။ ထို့အပြင် အကြမ်းဖက်အုပ်စု NUG သည် Free Online Education Institution Myanmar (FOEIM) ဟု အမည်ပေးထားသည့် အွန်လိုင်းပညာရေး စာသင်ကျောင်းများ ထူထောင်ထားသည်ဟုဆိုကာ ကျောင်းဝင်ကြေးများ ကောက်ခံခဲ့ပြီး ကြေညာထားသည့် ကျောင်းအရေအတွက်များအတိုင်း မဖွင့်လှစ်ဘဲ စတိသဘောမျှသာဖွင့်ခဲ့ခြင်း၊ ကျောင်းအပ်နှံ ငွေများအဝေမတည့်ဘဲ ၎င်းတို့အချင်းချင်းကြားတွင် စာရင်းမရှင်းနိုင်ခြင်းနှင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု အထောက်အထား ခိုင်မာစွာ မရှိသည့်အတွက် အဆိုပါ အွန်လိုင်းကျောင်းမှ အောင်မြင်ပါကလည်း နိုင်ငံတကာ တက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက် နိုင်မည်မဟုတ်ဘဲ အချိန်ကုန်၊ ငွေကြေးဆုံးရှုံးမည်ဖြစ်သည့် အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရပါ အရေးယူ ခံရမည်ဖြစ်ခြင်း စသည့်အကြောင်းများကြောင့် အကြမ်းဖက် NUG ကို ယုံကာ ဘဝကိုပုံအပ်ခဲ့သူတို့မှာ အမှောင်တကာ့ အမှောင်တွင် ဘဝပျက်ကြရမည်ဖြစ်သည်။

ပညာကို ပထမအရွယ်တွင်သာ ရှာကြရခြင်းဖြစ်ပြီး အချိန်ကာလ တစ်နှစ်တိုင်း၊ တစ်နှစ်တိုင်းမှာ လွန်စွာအရေးကြီးသည်။ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ အကြမ်းဖက်အုပ်စုက တည်ထောင်သည့် အွန်လိုင်းကျောင်းများတွင် ကျောင်းအပ်နှံခြင်းက ငွေကြေး၊ အချိန်နှင့်ဘဝတို့ ကြီးစွာသော ဆုံးရှုံးမှုများနှင့် ကြုံရနိုင်သည့်အလျောက် ဝေးစွာရှောင်ကြဉ်ကြရမည်ဖြစ်ပြီး အစိုးရစာသင်ကျောင်းများနှင့် အစိုးရအသိအမှတ်ပြု စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံပညာသင်ကြား ကြရေးအတွက် အကျိုးမျှော်ကာ နှိုးဆော်အသိပေးအပ်ပါကြောင်း။

No comments:

Post a Comment