ယခုနှစ်ပညာသင်နှစ်အကုန်တွင် အခြေခံ ပညာရေးကျောင်းများသို့ ဝမ်းမြောက်ဖွယ်အသိပေး အကြောင်းကြားစာများ ရောက်ရှိလာသည်။ ၎င်းမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရစက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးပညာရပ်များပါသင်ယူနိုင်မည့် အထက်တန်းကျောင်းများဖွင့်လှစ်မည့်အကြောင်း အသိပေး ဖြန့်ဝေလာခြင်းဖြစ်သည်။
နိုင်ငံတော်က
အနာဂတ်မျိုးဆက်သစ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့်
ပညာရပ်များကို တွဲဖက်သင်ကြားနိုင်မည့် ပညာရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။
လာမည့်ပညာသင်နှစ်တွင် စက်မှုပညာရပ်၊ စိုက်ပျိုးရေးပညာရပ်များနှင့် မွေးမြူရေးပညာရပ်များကို
အထက်တန်းဆင့်သင်ကျောင်းသားများ သင်ယူလေ့လာနိုင်ရန် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံ
ပညာအထက်တန်းကျောင်း ၅၁ ကျောင်း တွဲဖက် ဖွင့်လှစ်မည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်
အဆိုပါအသက်မွေးဝမ်းကျောင်း ပညာသင်အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်
စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ထိုကျောင်းများတွင် အထက်တန်းဆင့် ပညာရပ်များကို သင်ယူနေစဉ်ကာလအတွင်းမှာပင်
စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊ မွေးမြူရေးနည်းပညာရပ်များကို သင်ယူတတ်မြောက်နိုင်
သည့် အခွင့်အလမ်းများရရှိမည်ဖြစ်ပြီး အတန်းပြီးမြောက်လျှင် သက်ဆိုင်ရာလုပ်ငန်းများတွင်
လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။
အသစ်ဖွင့်လှစ်မည့် အထက်တန်းဆင့်သင် စက်မှုနည်းပညာသင်ကျောင်း၊
စိုက်ပျိုးရေး နည်းပညာသင်ကျောင်း၊ မွေးမြူရေးနည်းပညာသင် ကျောင်းများတွင် အခြေခံပညာအလယ်တန်းဆင့်
Grade-9 အောင်မြင်ပြီးသူများ တက်ရောက် သင်ကြားခွင့်ရမည်။ ထို့ကြောင့် အခြေခံပညာအလယ်တန်းဆင့်
Grade- 9 အောင်မြင်ပြီးသူများသည် အခြေခံပညာအထက်တန်းဆင့် ပုံမှန်အတန်း Grade -10 သို့လည်းကောင်း၊
စက်မှုနည်းပညာသင် အထက်တန်းကျောင်း၊ စိုက်ပျိုးရေးအတတ်ပညာ သင် အထက်တန်းကျောင်းနှင့်
မွေးမြူရေးအတတ်ပညာသင် အထက်တန်းကျောင်းများသို့ လည်းကောင်း ပညာရေးလမ်းသွယ်လေးမျိုးကို
ရွေးချယ်တက်ရောက်သင်ကြားနိုင်မည် ဖြစ်သည်။
အခြေခံပညာအထက်တန်း
Grade - 12 အောင်မြင်သူများသည် ၎င်းတို့သင်ယူခဲ့သော ဘာသာတွဲအလိုက် သတ်မှတ်အရည်အချင်း
ပြည့်မီစွာအောင်မြင်လျှင် သက်ဆိုင်ရာအသက်မွေး ဝမ်းကျောင်းတက္ကသိုလ်များဖြစ်သည့် ဆေးတက္ကသိုလ်များ၊
ဆေးဘက်ဆိုင်ရာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊
ပညာရေးတက္ကသိုလ်၊ ဝိဇ္ဇာ / သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သိပ္ပံများသို့
တက်ရောက်သင်ကြားခွင့်ရမည် ဖြစ်သည်။
စက်မှုနည်းပညာသင်ကျောင်း
အထက်တန်းဆင့်
စက်မှုနည်းပညာသင် ကျောင်းတွင်တက်ရောက်သူများသည် အခြေခံ ပညာအထက်တန်းပုံမှန်ဘာသာရပ်များအပြင်
စက်မှုနည်းပညာသုံးမျိုးဖြစ်သော အဆောက်အဦ နည်းပညာ (Building Technology)၊ လျှပ်စစ် နည်းပညာ
(Electrical Technology) နှင့် စက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ
(Mechining Technology) ဘာသာရပ်များကို လုပ်ငန်းခွင်အတွင်းဝင်ရောက်ရန် အသင့်ဖြစ်စေမည့်
သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားလေ့ကျင့် ပေးမည်ဖြစ်သည်။ စက်မှုနည်းပညာသင် ကျောင်းသားများသည်
အထူးအောင်(Credit)နှင့် အောင်မြင်လျှင် ပညာသင်နှစ် ခြောက်နှစ် တက်ရောက်သင်ယူကာ အင်ဂျင်နီယာဘွဲ့
(B.E) ရရှိမည့် နည်းပညာတက္ကသိုလ်နှင့် ပညာသင်နှစ် လေးနှစ် တက်ရောက်သင်ယူကာ စက်မှုနည်းပညာ
ဘွဲ့ (B.Tech) ရရှိမည့် အစိုးရနည်းပညာကောလိပ် များသို့လည်းကောင်း၊ အဆင့်မီ
(Qualify) ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ်သုံးနှစ် တက်ရောက်သင်ယူကာ အင်ဂျင်နီယာနည်းပညာ
(A.GTI) ဒီပလိုမာရရှိမည့် အစိုးရစက်မှုလက်မှု သိပ္ပံများသို့လည်းကောင်း တက်ရောက်နိုင်သည်။
အထက်တန်းဆင့်စက်မှုနည်းပညာကို ထူးချွန်စွာအောင်မြင်လျှင် သုံးနှစ်သင်အစိုးရနည်းပညာ
ကောလိပ်၏ ပထမနှစ်သို့လည်းကောင်း၊ နည်းပညာတက္ကသိုလ်၏ ပထမနှစ်သို့လည်းကောင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အထက်တန်းဆင့် စက်မှုနည်းပညာကို သုံးနှစ်သင်ယူ၍ ပြီးမြောက်ကြောင်း လက်မှတ်ရရှိသူသည်
လုပ်ငန်းခွင်အတွင်းဝင်ရောက်နိုင်ရန် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားထားသဖြင့်
ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ရာတွင်လည်းကောင်း၊ ကိုယ်ပိုင်စက်မှုလုပ်ငန်းများ
တည်ထောင်လုပ်ကိုင်ရာတွင် လည်းကောင်း အထောက်အကူများစွာရရှိမည်ဖြစ်သည်။
စိုက်ပျိုးရေးပညာသင်
အထက်တန်းကျောင်း
စိုက်ပျိုးရေးပညာသင်
အထက်တန်းကျောင်းတွင် အခြေခံပညာအထက်တန်းပုံမှန်ဘာသာရပ် များအပြင် စိုက်ပျိုးရေးအတတ်ပညာများကို
ပညာသင်နှစ်သုံးနှစ်အတွင်း လုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုနိုင်မည့် သင်ရိုးညွှန်းတမ်းများနှင့်
လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ ထိုသင်တန်းမှ အထူးအောင်(Credit)ဖြင့် အောင်မြင်လျှင်
Bachelor of Agricultural Science (B.Ag) ဘွဲ့အပ်နှင်းမည့် ရေဆင်းတက္ကသိုလ် ငါးနှစ်သင်တန်းသို့
လည်းကောင်း၊ အဆင့်မီ (Qualified) ဖြင့်အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ဖွင့်လှစ်သည့် သုံးနှစ်သင်အစိုးရစိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အစိုးရစက်မှုလက်မှု
သိပ္ပံများ၏ အင်ဂျင်နီယာနည်းပညာဒီပလိုမာ AGTI Diploma (Farm Mechinery) သုံးနှစ်သင်တန်းသို့
လည်းကောင်း တက်ရောက်နိုင်သည်။ ရိုးရိုးအောင်မြင်ပြီး စိုက်ပျိုးရေးအတတ်ပညာ ဒီပလိုမာ
လက်မှတ် (Diploma in Agriculture) ရရှိသူများသည် စိုက်ပျိုးရေးနှင့် သက်ဆိုင်ရာကဏ္ဍများတွင်
ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သည်။
မွေးမြူရေးအတတ်ပညာသင်ကျောင်း
မွေးမြူရေးအတတ်ပညာသင်
အထက်တန်းကျောင်းများတွင် တက်ရောက်သင်ကြားသူများသည် အထက်တန်းဆင့်ပုံမှန်ဘာသာရပ်များအပြင်
မွေးမြူ ရေးနှင့်ပတ်သက်၍ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်မည့်သင်ရိုးများဖြင့်
စာတွေ့လက်တွေ့ သင်ယူရမည်ဖြစ်သည်။ သုံးနှစ်သင် မွေးမြူရေးပညာ သင်တန်းမှ Credit ဖြင့်
ထူးချွန်စွာအောင်မြင်သူ သည် မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးပညာဘွဲ့
(Doctor of Veterinary Medicine) ခြောက်နှစ်သင်တန်းသို့ လည်းကောင်း၊ မွေးမြူရေးပညာဘွဲ့
(Bachelor of Animal Science) လေးနှစ် သင်တန်းသို့လည်းကောင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံများမှ
မွေးမြူရေးသိပ္ပံဘွဲ့ (Diploma in Animal Husbandry) သုံးနှစ်သင်တန်းနှင့်ငါးလုပ်ငန်းသိပ္ပံ၏
ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ (Diploma in Fisheries and Agriculture) သုံးနှစ် သင်တန်းသို့
တက်ရောက်နိုင်သည်။ မွေးမြူရေးပညာ ကို ရိုးရိုးပြီးမြောက်အောင်မြင်သူများသည် ဒီပလိုမာ
အောင်လက်မှတ်ရရှိပြီး မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့်
အခွင့်အလမ်း များရရှိမည်ဖြစ်သည်။
ထို့ကြောင့် အလယ်တန်းဆင့်
Grade - 9 အောင်မြင်သူကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ပုံမှန်အထက်တန်းပညာ
သင်ကျောင်းများသို့ တက်ရောက်သင်ကြားခွင့်သာမက စိတ်ပါဝင်စားသူများသည် အသစ်ထပ်မံ ဖွင့်လှစ်မည့်
စက်မှုနည်းပညာသင်အထက်တန်း၊ စိုက်ပျိုးရေးပညာသင်အထက်တန်းနှင့် မွေးမြူရေးပညာသင်အထက်တန်းများသို့လည်း
ဆက်သွယ်စာရင်းသွင်း တက်ရောက်နိုင်မည်ဖြစ်ရာ တက်ရောက်မည့်ကျောင်းသား ကျောင်းသူများကို
တာဝန်ရှိသူ အဆင့်ဆင့်က လမ်းညွှန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။ ။
ကိုးကား
၁။ နေ့စဉ်ထုတ်သတင်းစာများ။
၂။ ပညာရေးသတင်း Website များ။
၃။ အခြေခံပညာကျောင်းများသို့ ညွှန်ကြားချက်များ။

No comments:
Post a Comment