နေပြည်တော် မတ် ၄
အစားအစာ ဘေးကင်းလုံခြုံရေးအတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့် မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ကောင်းမွန်ရန်လိုအပ်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးနှင့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းသော စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြေဆီလွှာနှင့် ရေတွင်ပါဝင်လျက်ရှိသော သတ္တုများအား စစ်တမ်းကောက်ယူခြင်းစီမံကိန်းကို မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တက်ရောက်ဆွေးနွေး
အဆိုပါစီမံကိန်း၏ ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် အမရာဟိုတယ်၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စီမံကိန်းဦးဆောင်ကော်မတီဝင်များ၊ အလုပ်အမှု ဆောင်ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ကြိုတင်တားဆီးကာကွယ်ရေး
စိုက်ပျိုးရေး လုပ်ငန်းနှင့် စားသုံးသူပြည်သူများ အကျိုးရှိစေရန် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲက စီမံကိန်းရေးဆွဲအဆိုပြုတင်ပြသည့် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းသော စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြေဆီလွှာနှင့် ရေတွင်ပါဝင်လျက်ရှိသော သတ္တုများအား စစ်တမ်းကောက်ယူခြင်းစီမံကိန်းကို စတုတ္ထအကြိမ် မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ်က ရွေးချယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအနေဖြင့် စက်ရုံအလုပ်ရုံများ၏ စွန့်ပစ်ရေများ၊ သတ္တုသန့်စင်လုပ်ငန်းများမှ ဓာတုပစ္စည်းများ၊ အတိုင်းအဆမဲ့ အသုံးပြုသည့် စိုက်ပျိုးရေးသွင်းအားစုများ စသည့်အကြောင်းအမျိုးမျိုးကြောင့် မြေဆီလွှာနှင့် ရေတွင်ပျော်ဝင်နေသည့် သတ္တု ဓာတ်များ၏ လူနှင့်တိရစ္ဆာန်များအား ဘေးဥပါဒ်ဖြစ်စေနိုင်မှုကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသည့်အချက်အလက်များကို မြေပုံရေးဆွဲအသုံးပြုခြင်း၊ ဘေးအန္တရာယ်ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် အချက်အလက်များ မျှဝေဖလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment