Wednesday, March 1, 2023

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကိုဖော်ဆောင်

 


ရခိုင်ပြည်နယ်သည် ရိုးမတောင်တန်းကြီးနှင့် မြစ်ချောင်းအင်းအိုင်၊ ကျွန်းကြီး ကျွန်းငယ်များဖြင့် ရာသီဥတုကောင်းမွန်သောပြည်နယ်ဖြစ်သည်။ ရေခံမြေခံကောင်း များကို ပိုင်ဆိုင်ထားပြီး သဘာဝသယံဇာတများလည်း ပေါများကြွယ်ဝသည်။ ရှည်လျားပြီးသာယာလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။

သာယာလှပသည့်ပြည်နယ်ကို အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ပေါင်းစပ်လိုက်ပါက လူမှုဘဝမြင့်မားသည့် ဒေသတစ်ခုဖြစ်လာမည်။ ကုန်လွန်ခဲ့သောကာလများက ပြည်တွင်း/ပြည်ပအနှောင့်အယှက်များကြောင့် ပြည်နယ်အေးချမ်းသာယာဖွံ့ဖြိုးမှု ယုတ်လျော့ယိုယွင်းစေခဲ့သည်။ အစိုးရအဆက်ဆက်က အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ယခုအခါ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စပြုနေပြီ။ ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် သွားရောက်ခဲ့သည်။

ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ထုတ်လုပ်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝအရင်းအမြစ်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်စီးပွားခရီးသွားလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြသည်။ ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့်နယ်စပ်ကုန်သွယ်ရေး၊ ပြည်ပဆက်သွယ်ကူးသန်းရောင်းဝယ်ရေး တိုးတက်လာအောင် ဆောင်ရွက်နိုင်သည့်အခြေခံကောင်းများရှိသည်။ ထို့ကြောင့် နိုင်ငံတော်မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် လျက်ရှိသည်။ ယခုအခါ ရခိုင်ပြည်နယ်ကို အကျိုးများစွာဖြစ်ထွန်းစေနိုင်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခု တည်ဆောက်လျက်ရှိသည်။

အဆိုပါစီမံကိန်းကို မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကိုတိုးမြှင့်နိုင်မည့် စီမံကိန်းဖြစ်သည်။ ကုလားတန်မြစ်သည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တောင်တန်းများမှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်သည်။ ကုလားတန်မြစ်အခေါ်မှာ ဒေသအသုံးအနှုန်းဖြစ်ပြီး စာပေတွင် ကစ္ဆပနဒီမြစ်ဟု ခေါ်သည်။ အလွန်ရှည်လျားသည့် သာယာလှပသောမြစ်တစ်စင်းမှ အကျိုးကျေးဇူးများမှာ များလှသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပလက်ဝနှင့်ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပွင့်လန်းလာခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ရေကြောင်းသွားလာမှုကိုအခြေခံသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်သည်။

ယခုအခါ စီမံကိန်းနှင့်ပတ်သက်၍ ရုံးအဆောက်အအုံများ၊ စက်ယန္တရားများနှင့် မြစ်တွင်းသွားသယ်ယူပို့ဆောင်ရေးယာဉ်များရှိနေပြီ။ ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်း အဖြစ်လည်း သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။ ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အထိ အဝေးပြေးကားလမ်းဖောက်လုပ်ရန်ဆောင်ရွက်နေပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ပြည်နယ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများရှိသော ရခိုင်ပြည်နယ်သည် အခြေအနေအကြောင်းကြောင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ပြီး ယခုအခါ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ပြီဖြစ်ရာ ရည်မှန်းသည့်အတိုင်း အောင်မြင်ရေးအတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပါကြောင်း။

No comments:

Post a Comment