Wednesday, March 1, 2023

အုန်းပင်ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသဝင်ငွေဖော်ဆောင်

 


အုန်းသီးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ပြည်ပသို့တင်ပို့မှုမှ နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၁၀၀၀ ရရှိရန် ဗီယက်နမ်နိုင်ငံက မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည့် ဖေဖော်ဝါရီ ၂၇ ရက်က ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အဆိုပါသတင်းတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်းက အုန်းအခြေခံအစားအစာ ၂၀၀ ခန့်ကို တီထွင်ခဲ့ကြောင်း၊ မိရိုးဖလာထုတ်ကုန်များအပြင် ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများသည် အုန်းပင်ထွက် သစ်သားများ၊ အုန်းမှုတ်ခွံနှင့် အုန်းဆံမျှင်ကဲ့သို့သော အခြားအုန်းအခြေခံထုတ်ကုန်များကို ဈေးကွက်သို့ တင်ပို့ခြင်းမှ ဝင်ငွေတိုးတက်မည့် အလားအလာကောင်းများ ရှိကြောင်းလည်း ဖော်ပြထားသည်။

မိမိတို့နိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများ၊ ပင်လယ်ကျွန်းများတွင် အုန်းပင်များ အမြောက်အမြား ‌ပေါက်ရောက်ဖြစ်ထွန်းသော်လည်း စီးပွားဖြစ်အသုံးချနိုင်မှုမှာ နည်းသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ဗီယက်နမ် စသည့်နိုင်ငံတို့တွင် ခေတ်မီနည်းပညာကိုအသုံးပြု၍ အုန်းစိုက်ပျိုးခြင်းနှင့် အုန်းသီးနှင့် အုန်းပင်ထွက်ပစ္စည်းများကို တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်ကာ အစားအစာနှင့် အခြားထုတ်ကုန် အမယ်များစွာ ထုတ်လုပ်နိုင်မှုတို့မှာ အတုယူဖွယ်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားရာတွင် ‘‘စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဒေသတွင်းကောင်းမွန်စွာ ပေါက်ရောက်ဖြစ်ထွန်းသည့် အုန်းပင်ကို အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းများမှ အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်း အမျိုးအမည်များစွာကို ထုတ်လုပ်ရောင်းချ နိုင်သည်ဖြစ်သဖြင့် ကျောက်ဖြူဒေသတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း၊ အုန်းစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အုန်းထွက်ပစ္စည်းများကို ထုတ်လုပ်နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်နိုင် မည်ဖြစ်ကာ ဒေသဝင်ငွေပိုမိုရရှိစေမည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ အုန်းသီးနှင့် အုန်းထုတ်ကုန်များ ထုတ်လုပ်တင်ပို့မှုမှ နှစ်စဉ် ဒေါ်လာသန်းပေါင်း ၉၀၀- ၁၀၀၀ ခန့် ရရှိနေသည့် ဗီယက်နမ်နိုင်ငံကိုနမူနာယူကာ ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးတို့ကို ကောင်းစွာအထောက်အကူပြုလာနိုင်မည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အုန်းသီးနှင့် အခြားဆက်စပ်ပစ္စည်းတန်ချိန် ၁ ဒသမ ၈၇ သန်း ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာပေါ်တွင် အုန်းသီးထွက်ကုန် ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အုန်းစိုက်ပျိုးဧရိယာ ဟက်တာ ၁၇၅၀၀၀ ရှိကြောင်း အထက်တွင်ဖော်ပြခဲ့သည့် ဆင်ဟွာသတင်းတွင်ပါရှိရာ မိမိတို့နိုင်ငံ၏ ရေ၊ မြေ ဒေသများတွင်လည်း ကောင်းစွာပေါက်ရောက် ဖြစ်ထွန်းနိုင်သည့် အုန်းပင်ကိုအကျိုးရှိစွာ အသုံးချနိုင်ခြင်းဖြင့် အမျိုးသား အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်ပါ စေကြောင်း။ ။

No comments:

Post a Comment