Friday, March 3, 2023

ပဲခူးမြို့၌ မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 


ပဲခူး မတ် ၃

ပဲခူးမြို့၌ မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြမည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် ခရီးသွားဆိုင်ရာ အသိပညာများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရီးစဉ်ဒေသများမှာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသလို မိမိတို့တိုင်းဒေသကြီးအတွင်းမှာလည်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများအတွက် ခရီးသွားဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများအား လူသားအခွင့်အရေးတစ်ရပ်အား ရရှိစေနိုင်သည့်အပြင် ခရီးသွားလုပ်ငန်း အရည်အသွေး၊ ရေရှည်တည်တံ့မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်များ တိုးတက်ရရှိ လာနိုင်မှာဖြစ်ကြောင်း၊ ခရီးသွားမသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် လည်ပတ်ခြင်း၊ စားသောက်ခြင်းနှင့် တည်ခိုနေထိုင်ခြင်းအပါအဝင် စသည့်ကိစ္စရပ်များတွင် အမှီအခိုကင်းပြီး အကူအညီမပါဘဲ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော ခရီးသွားပတ်ဝန်းကျင်များ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်းနှင့် မသန်စွမ်းသူများ ကြုံတွေ့ရသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အဟန့်အတားများအား ကျော်လွှားဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုပေးမည့်ဌာနများ၊ ခရီးသွားကဏ္ဍရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများမှ အတူတကွပူးပေါင်းပါဝင် ကြိုးစားအားထုတ်    ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများနှင့်အတူ မသန်စွမ်းသူများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး အသိပညာပေး Video Clip အား ကြည့်ရှုခဲ့ပြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် သင်တန်းတက်ရောက်မည့် ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်ဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၆၄) ဦးအား တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့က မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism)ဆိုင်ရာ သင်ခန်းစာများအား   သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)

No comments:

Post a Comment