Thursday, February 23, 2023

ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

နေပြည်တော် ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း (တဂေးချောင်းဖျား) မှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာ အခြေခံပညာမူလတန်းကျောင်း (တဂေးချောင်းဖျား) တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦးသည် ဆရာမ ၆ ဦးနှင့်အတူ ကျောင်း၌ရှိနေစဉ် ယနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်နွယ်နွယ်ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ အဆိုပါကျေးရွာအနီးရှိ တဂေးချောင်းဖျား-ငှက်ပျောတော ကားလမ်းဘေး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကျောင်းအုပ်ဆရာမကြီးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment