Thursday, February 23, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်လျှပ်စစ်ရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် စီးမော်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဥူးပဏ္ဏိတ သက်တော်(၄၃)နှစ် ဝါတော် ၂၃ ဝါ၊ ကသာမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇော်နိုင်ဝင်း(၃၁)နှစ်နှင့် မသော်ရီဆွေ (၂၃) နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်လမ်းအား မိုင်းထောင်ဖောက်ခွဲပြီး သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးတို့အား ထိခိုက်ဒဏ်ရာများရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment