ခန့်ဇော် (ကျေးလက်)
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု မြင့်မားလာသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးသည် GDP ၏ ၁၂ ရာခိုင်ခန့်၊ စက်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့်နှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသည်ကိုတွေ့ရသည်။ သဘာဝအရင်း အမြစ်များအနေဖြစ် သံရိုင်း၊ ရော်ဘာ၊ သဘာဝ ဓာတ်ငွေ့၊ တန်စတင်၊ သစ်၊ ခဲနှင့် ငါးတို့အများဆုံးထွက်ရှိပြီး မြေဧရိယာ၏ ၃၁ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုသည်။ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ စိုက်ပျိုးရေးကုန်စည်များထုတ်လုပ်မှု၊ ဘိလပ်မြေ၊ ရတနာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့ကို အဓိကလုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာပစ္စည်းများ၊ ယာဉ်နှင့် အစိတ်အပိုင်းများ၊ အထည်၊ဖိနပ်၊ရေထွက်ပစ္စည်းများ၊ဆန်နှင့် ရော်ဘာတို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင်
ဆင်းရဲနွမ်းပါးမှု ၅၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး
တိုးတက်မှုနှုန်းမြင့်မားမှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့်
၂၀၂၀ ပြည့်နှစ်တွင် သိသိသာသာတိုးတက်မှုရရှိလာခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၁၉၉၇-၁၉၉၈
ခုနှစ်များတွင် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုကာလနောက်ပိုင်းမှစ၍ ဆင်းရဲမှုလျှော့ချရေးနှင့်
ကျေးလက်ဖွံ့ဖြိုးရေးတို့ကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။
ထိုင်းနိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးကြိုးပမ်းမှုများ
လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း ထိုင်းနိုင်ငံသည်ဝင်ငွေနည်းသောနိုင်ငံမှ
မျိုးဆက် တစ်ဆက်အောက်၌ SMART ကျသည့် စီးပွားရေးမူဝါဒများကြောင့် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံအဖြစ်ရွေ့လျားခဲ့ပြီး
လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် ထူးထူးခြားခြားတိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံ၏
စဉ်ဆက်မပြတ် အားကောင်းသောတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် အောင်မြင်မှု
ပုံရိပ်တစ်ခုဖြစ်သည်။
စင်စစ်မူ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍
နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအစီအစဉ်များတွင် ဆင်းရဲမှုလျှော့ချရေးမဟာဗျူဟာများ
ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း
အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် စက်မှုထွန်းကားရေးကို အဓိကထားဆောင်ရွက်ခဲ့ကြောင်း
တွေ့ရသည်။ ၁၉၇၂ ခုနှစ် မှ ၁၉၇၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ဘဏ္ဍာရေးမူဝါဒကို အထူးဂရုပြုအကောင်အထည်ဖော်ခဲ့ပြီး
စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဝင်ငွေရရှိမှုမြှင့်တင်ရေးနှင့် လူဦးရေစီမံကိန်းရေးဆွဲခြင်းတို့ကို
ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ် အတွင်း၌မူ စက်မှုဖွံ့ဖြိုးရေးကို ပြန်လည်ထူထောင်၍
သယံဇာတသုံးစွဲမှုနှင့် မြေယာပြုပြင်ပြောင်းလဲမှုစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ပြီး
ဆင်းရဲမှုလျှော့ချရေးမူဝါဒကို သီးသန့်ချမှတ်၍ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနည်းပါးစေရန်
နည်းလမ်းများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပဉ္စမမြောက်
လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ခရိုင်အဆင့် ဆင်းရဲမှုလျှော့ချရေးကိုဖော်ဆောင်ခဲ့ပြီး
ခရိုင်ပေါင်း ၂၈၆ ခုတွင် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုးရေး၊
စက်မှု၊ ပုဂ္ဂလိက ပါဝင်မှုတို့ကိုလည်း အရှိန်အဟုန်မြှင့်တင်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၁
ခုနှစ်အထိ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နောက်ကျကျန်ခဲ့သောဒေသများ
ဆင်းရဲမှုလျှော့ချရေးတို့ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အစိုးရကဏ္ဍနှင့်
ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး၊ စိုက်ပျိုးရေးမဟုတ်သောကဏ္ဍများဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသများ၏
စွမ်းဆောင်ရည်ပိုမိုမြှင့်တင်ရေးတို့ကိုလည်းကောင်း ဦးစားပေးဆောင် ရွက်ခဲ့ပြီး ၁၉၉၇
ခုနှစ်မှ ၂၀၀၁ ခုနှစ်တွင် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုတို့ကိုဦးတည်၍
ဝင်ငွေကွာဟချက်လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ကျေးရွာတစ်ရွာ
ထုတ်ကုန်တစ်မျိုး (OneTambon One Product-OTOP)
မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်မှစ၍ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးကို
မူဝါဒများချမှတ်အကောင်အထည်ဖော်ခဲ့ရာ “ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး” (One Tambon
One Product- OTOP) သည် နိုင်ငံအနှံ့ဆောင်ရွက်သောလှုပ်ရှားမှုအနေဖြင့် ပေါ်ပေါက်လာခဲ့သည်။
၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
ဆင်းရဲမှုလျှော့ချရေးကို များစွာအထောက်အကူပြုနိုင်ခဲ့သည်။
ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဂျပန်နိုင်ငံ၏
OVOP ကို အတုယူ၍ ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် ဒေသထွက်အင်အားစုနှင့်
သယံဇာတများကိုအသုံးပြုပြီး ဆွဲဆောင်မှုရှိသော အထူးထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့်
ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။ ထုတ်လုပ်သောကုန်စည်များတွင်
စိုက်ပျိုးရေးနှင့် လက်မှုထွက်ကုန်ပစ္စည်းများပါဝင်သည်။
OTOP
စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလှုပ်ရှားမှုများ
OTOP သည်လည်း OVOP ကဲ့သို့ပင် ဒေသတွင်းချိတ်ဆက်၍
ကမ္ဘာ့အဆင့်သို့ ဦးတည်ရေး၊ ကိုယ့်အားကိုယ်ကိုး၍ တီထွင်ဖန်တီးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး
စသည့်အချက် (၃)ချက်အပေါ်အခြေခံ၍ အစိုးရကပံ့ပိုးပေးခြင်းဖြစ်သည်။ OTOP ၏ ထူးခြားချက်
(သို့မဟုတ်) OVOP နှင့် ကွဲပြားသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အခြေအနေအရဗဟိုအစိုးရက
ပံ့ပိုးပေးရခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကဦးဆောင်၍ OTOP လှုပ်ရှားမှုကိုဗဟိုမှ အဓိကချုပ်ကိုင်ပြီး
ပြည်နယ်နှင့် ခရိုင်များရှိ အစိုးရများသို့ အဆင့်ဆင့် ညွှန်ကြားဆောင်ရွက်သည်။ OTOP
စီမံကိန်းအတွက် ဒေသခံရွာသူရွာသားများကို လေ့ကျင့်သင်ကြားရာတွင် OVOP ကဲ့သို့ပင် ဒေသတွင်းသင်တန်းများကို
တက်ရောက်စေပါသည်။
၂၀၀၃ ခုနှစ်မှစတင်၍ ပို့ကုန်ဈေးကွက်သို့တင်ပို့နိုင်ရန်
ဦးတည်ချက်ဖြင့် OTOP ထုတ်ကုန်များကို ကြယ်များသတ်မှတ်၍အဆင့်ခွဲခြားခဲ့ပြီး ကြယ်ငါးပွင့်ရထုတ်ကုန်များကိုသာ
ပို့ကုန်ဈေးကွက်သို့ တင်ပို့ရန်ခွင့်ပြုခဲ့သည်။ ထို့အပြင် ကြယ်သုံးပွင့်ရထုတ်ကုန်များထုတ်လုပ်နိုင်သော
လုပ်ငန်းများ ရှိသည့်ရွာကိုသာ OTOP စီမံကိန်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကြယ်လေးပွင့်နှင့်
ကြယ်ငါးပွင့်ရ လုပ်ငန်းများရှိပါဝင်သူများကိုသာ နိုင်ငံတကာသင်တန်းများသို့ စေလွှတ်ခဲ့သည်။
ကျေးရွာအဆင့်၌ ပင်အမြောက်အမြားထုတ်လုပ်မှုကိုအားပေး၍ ကမ္ဘာ့ဈေးကွက်သို့ ချိတ်ဆက်ပေးခဲ့သည်။
OTOP လှုပ်ရှားမှု၌ ပါဝင်သူများ၏ ၆၇ ရာခိုင်နှုန်းသည် လူထုအခြေပြုလုပ်ငန်းများ၊ ၃၁
ရာခိုင်နှုန်းမှာ တစ်ဦးတည်းပိုင်လုပ်ငန်းများဖြစ်၍ ကျန် ၂ ရာခိုင်နှုန်းမှာ အစုစပ်လုပ်ငန်းများဖြစ်သည်။
လိုအပ်သောဘဏ္ဍာငွေအများစုကို အစိုးရကထောက်ပံ့ပေးခဲ့သည်။ ပံ့ပိုးမှုများ၌ အရည်အသွေးထိန်းချုပ်မှုနှင့်
ထုပ်ပိုးမှု သင်တန်းပေးခြင်းတို့ပါဝင်သည်။ အရောင်းမြှင့်တင်ရာတွင် ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊
အရောင်းဆိုင်များဖွင့်လှစ်ပေးခြင်း၊ ပြည်ပ၌အရောင်းပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးခဲ့သည်။
OTOP စီမံကိန်း၏ အဓိကထုတ်ကုန်များတွင်
ဒေသထွက်ရိုးရာအဝတ်အထည်၊လက်မှုပစ္စည်း၊ ချည်ထည်ပိုးထည်များ၊ အိုးလုပ်ငန်း၊ ဖက်ရှင်ပစ္စည်းများနှင့်
အိမ်သုံးပစ္စည်းများအထိ ပါဝင်သည်။ အစိုးရကဦးဆောင်၍ ထုတ်ကုန်ရွေးချယ်ခြင်း၊ စံနှုန်းနှင့်
အရည်အသွေးမြှင့်တင်ခြင်းနှင့် ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့်
ထုတ်ကုန် အမျိုးအစားစုံလင်စွာဖြင့် ပြည်တွင်းသာမက ပြည်ပ ပို့ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။
OTOP များ၏ ထုတ်ကုန်ရောင်းချမှုတန်ဖိုးမှာ ၂၀၁၃ ခုနှစ်တွင် ထိုင်းဘတ် ၈၆ ဘီလီယံ (အမေရိကန်ဒေါ်လာ
၂ ဒသမ ၆၇၈၅ ဘီလီယံခန့်)အထိ ရောက်ရှိ ခဲ့သည်။
ထိုသို့ ဝင်ငွေများတိုးမြှင့်ရှာဖွေပေးနိုင်သည့်အပြင်
ရွာပေါင်း ၂၂၇၆၂ ရွာရှိ OTOP လုပ်ငန်းပေါင်း ၃၆၂၃၆ ခုတွင် လုပ်သားပေါင်း ၁ ဒသမ၂ သန်းကို
အလုပ်အကိုင်ပေးနိုင်ခဲ့၍ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆင်းရဲမှုလျှော့ချရေးတို့ကို များစွာအထောက်အကူပြုနိုင်ခဲ့သည်။
OTOP အောင်မြင်ရခြင်း၏ အဓိကအချက်များမှာ
အစိုးရဌာနများ၏ ထိရောက်သောမူဝါဒ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်မှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန်ပံ့ပိုးပေးမှု၊
ပါဝင်သောအဖွဲ့အစည်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အစိုးရကဏ္ဍများ၊ ပုဂ္ဂလိကများ၊
ဒေသခံများနှင့် ပညာရေးအဖွဲ့အစည်းများ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့်ဖြစ်ပြီး
နိုင်ငံဆင်းရဲမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်က ၄၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင်
၈ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံနှင့်
OTOP နှင့် MSME
မြန်မာနိုင်ငံမှာလည်း ၂၀၁၀-၂၀၁၅ ခုနှစ်ဝန်းကျင်မှစတင်၍
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို မူဝါဒပိုင်းအရ အားပေးမြှင့်တင်ခဲ့ပြီး
လုပ်ငန်းစဉ်များရေးဆွဲအကောင် အထည်ဖော်ခဲ့သည့်နည်းတူ “ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး”
ကဲ့သို့ ဒေသအလိုက်ထွက်ရှိသော အသေးစား၊ အလတ်စား ထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် SME လုပ်ငန်းများကို
မူဝါဒပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။
ဥပဒေ၏ ရည်ရွယ်ချက်များမှာ-
(က) အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်စီးပွားရေးနှင့်
ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်စေရန်၊
(ခ) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည်
ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားတိုးတက်စေရန်၊
(ဂ) သေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့်
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊
(ဃ) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင်
လုပ်ငန်း ဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်တို့ဖြစ်သည်။
ထို့အပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (၂၀၁၅ ခုနှစ်)ကို ချမှတ်ထုတ်ပြန်နိုင်ခဲ့သည်။ ယင်းမူဝါဒ၏
မျှော်မှန်းချက်မှာ “ကဏ္ဍအသီးသီးရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည်
ဒေသတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်ကောင်းများ
မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို
ဦးဆောင်သွားနိုင်ရန်” ဖြစ်သည်။ ရည်မှန်း ချက်များအောင်မြင်ရန်အတွက်
(က) လူ့စွမ်းအားအရင်းအမြစ်
( ခ ) နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊
(ဂ ) ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက်
အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊
(ဃ) ဈေးကွက်ရရှိရေး၊
(င ) သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊
(စ ) လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများကို ထောက်ပံ့၊ ဖန်တီးပေးရမည်ဖြစ်သည်။
ဤအချက်များသည် မြေပြင်မှာအမှန်တကယ်ကြုံတွေ့နေရသော အဟန့်အတားအခက်အခဲများဖြစ်၍ ထောက်ပံ့၊
ဖြေလျှော့ပေးနိုင်မှသာ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် အသေးစားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့သည်။ နည်းဥပဒေထွက်ရှိလာသည့်အတွက်
ဆောင်ရွက်ရန်လုပ်ငန်းများ၊ နည်းပညာနှင့်ချေးငွေရရှိရေးနည်းလမ်းများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာများ၊
တစ်နေရာတည်းဝန်ဆောင်မှု (One stop service - OSS) ပေးသည့် အဖွဲ့ဖွဲ့စည်းခြင်းနှင့်
ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လုပ်ငန်းသုံးသပ်အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့်
ဆောင်ရွက်ရမည့်လုပ်ငန်းများကို နည်းဥပဒေအရ ပိုမိုဆောင်ရွက်နိုင်လာသည်ကို တွေ့ရသည်။
မူဝါဒ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နေသော်လည်း
လက်တွေ့တွင် နည်းပညာပိုင်း၊ ဈေးကွက်ပိုင်း၊ ရန်ပုံငွေပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊
ချိတ်ဆက်မှုအပိုင်းများ၌ MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများစွာရှိနေဆဲဖြစ်သည်။
စာရေးသူကိုယ်တိုင် MSME Agency အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အစည်းအဝေးများ
အကြိမ်ကြိမ်တက်ရောက်ဆွေးနွေးခဲ့မှု၊ ကဏ္ဍအလိုက်တင်ပြမှု၊ တွေ့ကြုံရသည့်အခက်အခဲများ၊
ဖြေရှင်းနိုင်သည့်နည်းလမ်းများကို အကြိမ်ကြိမ်ကြားသိခဲ့ရသည်။ မြေပြင်မှာလည်း အမှန်တကယ်အခက်အခဲများရှိသည်။
တွေ့ရှိချက်နှင့် ဆောင်ရွက် ရန်များမှာ-
(က) MSMEချေးငွေကိစ္စနှင့်ပတ်သက်၍
Business Plan မရေးတတ်/ မဖတ်တတ်၊ ဘဏ်စာရင်းမရှိ၊ ဘဏ်အရှုံး/အမြတ် မပြနိုင်၊ ယခုမှ စလုပ်ချင်သူများဖြစ်၊
ဆန္ဒသာရှိ၊ သတ်မှတ်ချက်များမလုပ်တတ်၊ ရိုးရိုးရှင်းရှင်းသင်ပေးရန်နှင့် ရိုးရိုးရှင်းရှင်းသတ်မှတ်ရန်
လိုအပ်ခြင်း၊
(ခ ) ပြည်ထောင်စုအဆင့်ကစီမံခန့်ခွဲသော သတ်မှတ်သောချေးငွေအရင်းအမြစ်သာ ရှိပြီးဆိုင်ရာ
ပြည်နယ်/တိုင်းများမှ ၎င်းတို့ အစီအစဉ် / အစီအမံဖြင့် ချေးငွေအမျိုးအစားများ မရှိခြင်း၊
ဘတ်ဂျက်မရှိ ခြင်း၊
(ဂ ) ဆိုင်ရာဌာနများ၏MSME နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများကို သာမန်ပြည်သူ
များ နားလည်အောင်ရေးဆွဲလုပ်ဆောင်သင့်ခြင်းနှင့် ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ဆောင်ရွက်ပေးသင့်ခြင်း၊
(ဃ) Agency များ ပုံမှန် Function ဖြစ်ရန်လိုပြီး
MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် ဆိုင်ရာအစိုးရများ၊ လုပ်ငန်းရှင်များအား အထောက်အပံ့ပေးနိုင်အောင်လုပ်ရန်
လိုအပ်နေသေးခြင်း၊
(င ) နှစ်စဉ်တစိုက်မတ်မတ် စီမံချက် အစီအစဉ်ရေးဆွဲပြီး၊ လုပ်ငန်းစဉ်ဇယား
ရေးဆွဲပြီး ဒေသအလိုက်ထုတ်ကုန်ပြပွဲများ မဖြစ်မနေလုပ်ရန်၊ အားပေးရန်၊ ဆုပေးရန်၊ ဈေးကွက်ချိတ်ဆက်ပေးရန်လိုအပ်ခြင်း၊
ရာသီအလိုက် တစိုက်မတ်မတ်လုပ်ရန်လိုအပ်ခြင်းနှင့် စဉ်ဆက်မပြတ်အားပေးအားမြှောက်ပေးရန်
လိုအပ်ခြင်းတို့ဖြစ်သည်။
မြန်မာနိုင်ငံ၏
MSME ကဏ္ဍအပေါ် လေ့လာသုံးသပ်တွေ့ရှိချက်
၂၀၁၇ ခုနှစ်မှ ၂၀၁၉ခုနှစ်အထိစစ်တမ်း ကောက်ယူခဲ့သည့်
Myanmar Micro, Small and Medium Enterprise Survey 2019 အစီရင်ခံစာအရလည်း လုပ်ငန်းရှင်များ
အများဆုံးတွေ့ကြုံရသည့်အဟန့်အတားမှာ ငွေကြေးအရင်းအနှီးလုံလောက်မှုမရှိခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊
နည်းပညာပိုင်းကျွမ်းကျင်မှုအားနည်းခြင်း၊ ဝယ်လိုအားအကန့် အသတ်ရှိခြင်း၊ ဈေးကွက်ဝန်ဆောင်မှု/သယ်ယူပို့ဆောင်မှုအပိုင်းတွင်
အားနည်းခြင်း၊ ကုန်ကြမ်း ရှားပါးခြင်း၊ စွမ်းအင်ရရှိမှုအားနည်းခြင်း(လျှပ်စစ်စွမ်းအင်/
လောင်စာဆီ) စသည်တို့ဖြစ်သည်။
စာရေးသူ၏လေ့လာချက်အရလည်း မြန်မာနိုင်ငံ၏
MSME လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများအနေဖြင့် တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းအရ
MSME လုပ်ငန်းရှင်များသည် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက်
နည်းပညာအသစ်များ အသုံးပြုနိုင်မှုနည်းပါးနိုင်ခြင်း၊ MSME လုပ်ငန်းရှင်များ ဈေးကွက်ဝေစုရရှိနိုင်ရန်နှင့်
လုပ်ငန်းချဲ့ထွင်ရာတွင် ကုမ္ပဏီကြီးများ၏ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရနိုင်ခြင်းနှင့်
MSME လုပ်ငန်းများသည်မကြာခဏ အရင်းအမြစ်အကန့်အသတ်များရှိနိုင်ပြီး ဝယ်လိုအားအခြေခံနည်းပါးသောကြောင့်
စီးပွားရေးအတက်အကျအချိန်များ၊ ဈေးနှုန်းကျချိန်များတွင် ပိုမိုထိခိုက် နိုင်ခြေရှိခြင်းတို့ကိုဖြစ်စေနိုင်ကြောင်း
လေ့လာသုံးသပ်ရသည်။
ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ငွေကြေးအရင်းအနှီး၊ ကဏ္ဍအလိုက်ချိတ်ဆက်မှု၊ လုပ်သား အင်အား၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ
အတားအဆီးများ စသည့် ကဏ္ဍအသီးသီး၏ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အပံ့ပေးမည့် မူဝါဒအသစ်များ ချမှတ်နိုင်ရေးကို ထည့်သွင်းစဉ်းစားရန်လိုသည်။
ထိုသို့ ထည့်သွင်းစဉ်းစားရာတွင် ထုတ်လုပ်မှုတိုးမြှင့်စေရေးအတွက်
လုပ်ငန်းတူများကိုစုဖွဲ့ ပူးပေါင်းဆောင်ရွက်စေရန်၊ Value Chains ပိုမိုအားကောင်းစေရန်၊
စားသောက်ကုန်ထုတ်လုပ်မှုပိုင် တွင် International Value Chains ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေးဆောင်ရွက်ပေးရန်၊
ဈေးကွက်အဆင်ပြေမှုရှိစေရန်၊ အသေးစား/ အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများ
ထုတ်လုပ်မှုတိုးမြင့်စေရေးအတွက် တရားဝင် ငွေကြေးအရင်းအနှီးရရှိစေရေးဆောင်ရွက်ပေးရန်၊
အငယ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတိုးမြင့်စေရေးအတွက်
လေ့ကျင့်သင်ကြားပေးမှုများ၊ အခွင့်အလမ်းများမြှင့်တင်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့်
လုပ်ခလစာတို့တွင် ကျား/မ တန်းတူညီမျှမှုအပါအဝင် အလုံးစုံဖွံ့ဖြိုးပြီး မျှတသောလုပ်သားဈေးကွက်ဖန်တီးပေးရန်
စသည့်အချက်များကို အဓိကထားထည့်သွင်းစဉ်းစားရန်လိုမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏လက်ရှိ
MSMEs ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်
နိုင်ငံတော်က စီးပွားရေးဦးတည်ချက်(၄)ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာ “သွင်းကုန်အစားထိုးရန်နှင့်
ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်း(MSME) များကို ရေရှည်အာမခံ ချက်ရှိအောင်အားပေးကူညီပြီးနိုင်ငံတော်၏
ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”
သည် ဦးစားပေးဦးတည်ချက်တစ်ရပ်အနေဖြင့် ပါဝင်ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရ၏
MSME ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု
နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများပိုမိုချဲ့ထွင်နိုင်ရေး၊
MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအားမြှင့်တင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော
ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် MSME ချေးငွေများ၊ မြစိမ်းရောင်ချေးငွေများနှင့်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
MSME ၏အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်
လူငယ်နှင့်အမျိုးသမီးများ၊ စွန့်ဦးတီထွင်သူများအား လိုအပ်သည့် နည်းပညာပေးခြင်း၊ လုပ်ငန်း
စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့အပြင် ဆက်စပ်ဌာနများ၊ NGO၊ INGO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
ကုန်ကြမ်းနှင့်သွင်းအားစုရရှိအောင် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းချိတ်ဆက်ပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိသည်။
ဒေသမှစံပြုထုတ်ကုန်တစ်မျိုးချင်းကို
ဈေးကွက်ဝင်ရေးဆောင်ရွက်ခြင်း
ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခုလုပ်ငန်းများမှတစ်ဆင့်
ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာ ပြီးအဆင့်မီစွာသုံးစွဲနိုင်မည့်ကုန်ပစ္စည်းများကို
တွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက်လည်း OVOP အစီအစဉ်ဖြင့် ဒေသထွက်ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ
ထွက်ပေါ်လာရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရုံမက
ပြည်တွင်းဖူလုံပြီး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး
စားသုံးဆီဖူလုံရန် ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊
နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးတို့အပြင် အုန်းသီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်များ၊
လူသုံးကုန်ပစ္စည်းများကို ဒေသထွက်ဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ပြီဖြစ်ပါသည်။
တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာနှင့်
အရင်းအနှီးများထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်လာနိုင်စေရေးအတွက်
သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
MSMEs
ကဏ္ဍဖွံ့ဖြိုးရေးတွင် အရေးပါသည့် ထိုင်းနိုင်ငံ၏ OTOP နှင့် မြန်မာနိုင်ငံ၏ OVOP
အထက်တွင် ကျွန်တော်ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း
ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဒေသ ထွက်အင်အားစုနှင့် သယံဇာတများကိုအသုံးပြုပြီး
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်မှုများဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ပင် မြန်မာနိုင်ငံ၏
OVOP သည်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ
ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ပြီး MSME လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ၉၉
ရာခိုင်နှုန်းခန့်အထိ ပါဝင်လျက်ရှိရာ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး
(GDP) တွင် အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ စာရေးသူအနေဖြင့် သုံးသပ်ဆွေးနွေးလိုသည်မှာ
MSME လုပ်ငန်းရှင်များ အဓိကရင်ဆိုင်နေကြရသည့် အဟန့်အတားများဖြေလျှော့ပေးခြင်း၊
OVOP စနစ်ဖြင့် ဒေသအလိုက်စံပြုထုတ်ကုန်များထုတ်လုပ်လာနိုင်ပြီး ပြည်တွင်း/ ပြည်ပသို့
ဈေးကွက်ဝင်တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊
သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရေးတို့အတွက် လိုအပ်သောရန်ပုံငွေ၊
ချေးငွေအခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံး
ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးအခြေခံဖြစ်သော MSME
ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။။
ကိုးကား
၁။ Myanmar Micro, Small, and Medium
Enterprise Survey 2019 Descriptive Report
၂။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၂၀၁၅)
၃။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေ (၂၀၁၆)
၄။ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ
(၂၀၁၁)
၅။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏(၁/၂၀၂၃)အစည်းအဝေး ကောက်နုတ်ချက်
၆။ ကမ္ဘာ့ဘဏ်မှ ရေးသားသော ထိုင်းနိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုးမှုဖော်ပြချက်
၇။ Charltons Myanmar ၏ SMES in
Myanmar ဖော်ပြချက်
No comments:
Post a Comment