Tuesday, February 28, 2023

မကွေးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကျင်းပ

မကွေး ဖေဖော်ဝါရီ    ၂၈

မကွေးတိုင်းဒေသကြီး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။








ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် တိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ကျင်းပနိုင်ခြင်းမရှိဘဲ ယခု ၂၀၂၃ခုနှစ်တွင်သာ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ(၂၀၁၄)၊ နည်းဥပဒေ (၂၀၁၅)တို့ကို အတည်ပြုပြဌာန်းခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် စနစ်တကျပြုစုပျိုးထောင်နိုင်ရန် ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ကာ ပြုစုပျိုးထောင်ပေးခြင်း၊ ရပ်ရွာအတွင်း ဖွင့်လှစ်ထားသည့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ကြီးကြပ်ခြင်းနှင့်ထောက်ပံ့ပေးခြင်းအပြင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်များဖွင့်လှစ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ ဌာနမူလတန်းကြိုကျောင်း (၁၅) ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မူလတန်းကြိုကျောင်း (၃) ခုကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သလို ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၁၆၁)ကျောင်းရှိ တာဝန်ခံဆရာမများလစာနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ငွေ စုစုပေါင်း (၁၇၀.၃၀) ကျပ်သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ခြင်းသည် အနာဂါတ် နိုင်ငံ့ ခေါင်းဆောင်များဖြစ်လာမည့် ကလေးသူငယ်များ အတွက် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာ ရောက်ပါကြောင်းနှင့် အနာဂါတ်ပန်းကလေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘအုပ်ထိန်းသူ များ၊ ရပ်ရွာပြည်သူများနှင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သူဇာက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက မိမိတို့ဌာနအသီးသီးအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)

No comments:

Post a Comment