Monday, February 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။






အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒေါက်တာမူထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

MSME လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်းတင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်လျက်ရှိမှု၊ One Village One Product လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများဝင်ရောက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ MSME လုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ချေးပေးထားမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများထုတ်ပေးထားရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ ကျင်းပပြုလုပ်လျက်ရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦး၊ ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရွှေထွန်းအောင်၊ ရခိုင်ပြည်နယ်ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်အေးမောင်၊ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အချိန်လိုအပ်ချက်ကြောင့် အခက်အခဲရှိမှု၊ နယ်စပ် ကုန်သွယ်ရေးအတွက် ဆိပ်ခံတံတားတည်ဆောက်ပေးစေလိုမှု၊ ကုန်သွယ်မှုအတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများဖောက်လုပ်ပေးစေလိုမှု၊ ကမ်းရိုးတန်းသွား ကုန်သွယ်ရေးသင်္ဘောများ ပြေးဆွဲပေးစေလိုမှု၊ ဘဏ်စနစ်များကို ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုပေးရန်လိုအပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရေးအတွက် စက်မှုဇုန်များခွင့်ပြု ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နွေစပါးစိုက်ပျိုးမှုနည်းပါးပြီး ယခုအခါ တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးလိုမှုများပြားလာခြင်းကြောင့် လိုအပ်သည့် စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ သွင်းအားစုနှင့် အခြား လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့်ထွက်ရှိမှု၊ ဆီစက်လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများ လိုအပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ဆားလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်နိုင်မှု၊ ဈေးကွက်လိုအပ်ချက်အရ ဆားလိုအပ်ချက်များ ပိုမိုများပြားလာသည့်အတွက် ဆားကောင်းဆားသန့်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်ရင်းနှီးမတည်ငွေများ ပံ့ပိုးကူညီပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း အများအပြားပေါက်ရောက်ဖြစ်ထွန်းသည့် ဓနိပင်မှ အဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများကဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့်ရင်းနှီးမတည်ငွေများကို ထိုက်သင့်သောအတိုးနှုန်းများဖြင့် ထုတ်ချေးပေးလျက်ရှိမှု၊ တင်ပြချက်များတွင်ပါဝင်သည့် ရင်းနှီးမတည်ငွေများကိုလည်း သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် စနစ်တကျဆက်သွယ်ဆောင်ရွက်ပေးစေလိုမှု၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့် လောင်စာဆီသုံးမြစ်ရေတင်လုပ်ငန်းများ များစွာကို ပြုလုပ်ထားရှိပြီးဖြစ်သော်လည်း စိုက်ဧက ယခုထက်ပိုမိုအကျိုးပြုနိုင်မည့် မြစ်ရေတင်လုပ်ငန်း၊ ချောင်းရေတင်လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးလျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း သစ်တောသယံဇာတများကို အကျိုးရှိစွာထုတ်ယူသုံးစွဲရန်နှင့် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ပြုန်းတီးမှုမဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်စေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လည်းလိုအပ်မှု၊ အရည်အသွေးမြင့်ဆားများကို ပြည်ပမှတင်သွင်းနေရမှုအား လျှော့ချနိုင်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဆားလုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာဆားထုတ်လုပ်မှုနည်းစနစ်များထက် နည်းစနစ်တကျ အရည်အသွေးမြင့်ဆားများ ထုတ်လုပ်သည့်နည်းစနစ်များကို အသုံးပြုကြရန်လိုအပ်မှု၊ MSME လုပ်ငန်းများအတွက် နည်းပညာလိုအပ်ချက်များအတွက် သင်တန်းများပို့ချပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တရားမဝင်ကုန်သွယ်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာစေနိုင်သည်ဖြစ်သဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေးတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံကိုထုတ်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရပြီး ယခင်က ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးမှုမရှိခဲ့ခြင်းကြောင့်လည်း အခက်အခဲများပိုမိုတွေ့ကြုံခဲ့ ရကြောင်း၊ ယခင်က မိမိတို့နိုင်ငံသည် ပြည်ပမှထောက်ပံ့မှုများ ချေးငွေများကို အလွန် အမင်းအားကိုး၍ ရပ်တည်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားပြန်လည် တိုးတက်စေရေး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ စီးပွားရေး မြှင့်တင်မှုများဆောင်ရွက်ရာတွင် ခိုင်မာသည့်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုသဖြင့် ဒေသတွင်းရရှိသည့် ကုန်ကြမ်းပစ္စည်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေးမှာ နိမ့်ကျလျက်ရှိသဖြင့် ၎င်းတို့၏ လူမှုဘဝတိုးတက်စေရေး ကျေးလက်ကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်

ပြည်တွင်းစီးပွားရေးတိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောများထုတ်လုပ်ခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ကုန်များတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ဒေသထွက်ကုန်များနှင့် သယံဇာတများကို အကျိုးရှိရှိအသုံးချပြီး ဒေသနှင့်ဒေသခံများ၏ အကျိုးစီးပွားတိုးတက်စေမည်

ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီး သဘာဝသယံဇာတများလည်း များစွာကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရာဘာကုန်ကြမ်းများ များစွာထွက်ရှိသဖြင့် ရာဘာကိုအခြေခံသည့် တန်ဖိုးမြှင့်လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းသုံးစွဲမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်ပသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌သုံးစွဲမှုများသည့် မော်တော်ကားတာယာနှင့် မော်တော်ဆိုင်ကယ်တာယာကဲ့သို့သော ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှလည်း သားရေများထုတ်လုပ်၍ရနိုင်ပြီး ရာဘာနှင့်သားရေကို အခြေခံသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့်စက္ကူများကို နှစ်စဉ် ပြည်ပမှတင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စက္ကူပျော့ဖက်များထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းဖြစ်သော ဝါးများရှိပြီးဖြစ်သဖြင့် စနစ်တကျဖြင့် အသုံးပြုကြစေလိုကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အုန်းပင်များ များစွာဖြစ်ထွန်းပေါက်ရောက်သဖြင့် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို အောင်မြင်စွာထုတ်လုပ်နိုင်ကြောင်း၊ ပြည်နယ်အတွင်းရှိနေသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ စက်မှုထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုများအတွက် သွင်းအားစုများမဖြစ်မနေလိုအပ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများရရှိရေး မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ဇီဝမြေဩဇာများရရှိစေမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စုပေါင်း သမဝါယမစနစ်ဖြင့် စနစ်တကျမွေးမြူဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအောင်မြင် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း။

ပညာရေးအားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်ကိုတည်ဆောက်

 

မည်သည့်လုပ်ငန်းကိုဆောင်ရွက်သည်ဖြစ်စေ လူသာလျှင်ပဓာနဖြစ်ကြောင်း၊ လူ၏ကြိုးစားအားထုတ်မှုဖြင့်သာ လုပ်ငန်းများအောင်မြင်နိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များရရှိစေရေး ပညာရေးကိုအားပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းမှုများရှိခဲ့သဖြင့် ပညာရည်မြင့်မားရေး၊ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ များစွာပေါ်ထွန်းလာရေး ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်က ရခိုင်ပြည်နယ်၏ပညာရေးမှာ မြင့်မားခဲ့သည်ကိုတွေ့ရှိရသော်လည်း နောက်ပိုင်းတွင် ကျဆင်းမှုများရှိခဲ့ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများနည်းပါးခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ပညာရေးအားနည်းမှုများသည် လုပ်ငန်းကျွမ်းကျင်မှုရှိသည့် လုပ်သားများဖြစ်သည့် ကျွမ်းကျင်လုပ်သား (Skill Labour) အရင်းအမြစ်များကိုနည်းပါးစေခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း များစွာနောက်ကျကျန်ခဲ့ရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံ၏ပညာရေးသည် မဖြစ်မနေအားပေးမြှင့်တင်ဆောင်ရွက်ရမည်ကို သတိပြုဖွယ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းပညာရည်မြင့်မားရေးကို မိမိတို့အနေဖြင့် အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း။

လူသားအရင်းအမြစ်လိုအပ်ချက်နှင့်ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဒေသအလိုက် ကျောင်းသားမိဘများနှင့် တာဝန် ရှိသူများအနေဖြင့် မိမိတို့၏သားသမီးများ ပညာတတ်များဖြစ်စေရေး ပညာရေး ကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်များဖြစ်မှသာလျှင် ၎င်းတို့၏ လူမှုဘဝ ရပ်တည်မှုများ မြင့်မားနိုင်မည်ဖြစ်သဖြင့် ကောင်းမွန်သည့်ပညာအမွေများပေးနိုင်ရေး မိဘများအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာတတ်များပေါများမှသာ နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများရရှိမည်ဖြစ်သဖြင့် ကျောင်းသားမိဘများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက်ကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ရခိုင်ပြည်နယ်သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများအတွက် အခြေခံ ကောင်းများရှိပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများတိုးတက်လာမည်ဆိုပါက ဒေသထွက် အစားအစာများနှင့် အသုံးအဆောင်များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချနိုင်ရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုများကိုဆောင်ရွက်ရာတွင် အရည် အသွေးကောင်းမွန်စေရန်နှင့် ထုပ်ပိုးမှုများကို အဆင့်မီအောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ခရီးသွားများကိုဆွဲဆောင်နိုင်ရန်အတွက် မိမိတို့ဒေသသန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှသာ မျက်စိပသာဒဖြစ်စေမည်ဖြစ်ကြောင်း။

ဒေသတည်ငြိမ်အေးချမ်းမှသာ ကောင်းမွန်သည့်အနာဂတ်ကို လက်ဆင့်ကမ်းနိုင်မည်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ထာဝရငြိမ်းချမ်းစေရေးဆောင်ရွက်နိုင်မှသာလျှင် ဒေသခံနောင်လာနောက်သားများကို ကောင်းမွန်သည့်အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်များ၊ စီးပွားရေးရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုပါရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ရခိုင်ပြည်နယ်တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးတိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment