နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စီမံကိန်းဖြစ်ပေါ်လာသည့်အခြေအနေများနှင့်
စီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများ၊ ကုလားတန်ဆိပ်ခံတံတားဆိုင်ရာအချက်အလက်များနှင့်
တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရုံးနှင့်ဆက်စပ်အဆောက်အဦများတည်ဆောက်ပြီးစီးမှု၊ စက်ယန္တရားများနှင့်
မြစ်တွင်းသွားသယ်ယူပို့ဆောင်ရေးယာဉ်များရောက်ရှိမှု၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းတည်ဆောက်ပြီးစီးမှု၊
ရေလမ်းကြောင်း သောင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ
အဝေးပြေးကားလမ်းဖောက်လုပ်ရန်ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်းအဖြစ်
သတ်မှတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်ရန်ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းပြီးစီးပါက
ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး
စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး
ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်
အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊
မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊
ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ
အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး
တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို
ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း
များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး
သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့်မှာကြားပြီး တက်ရောက်လာကြသူများနှင့်
စီမံကိန်းဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း
လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုရာ စစ်တွေမြို့ဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်
Mr. Bibekananda Bhattamishra နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။
အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း
ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ
တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး
ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကိုအခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့်ပတ်သက်သည့်
အခွင့်အလမ်းများရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment