Sunday, February 26, 2023

ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်များကို တိကျစွာလိုက်နာကျင့်သုံးခြင်းဖြင့် ထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးတိုးတက်ရရှိရေး ကြိုးပမ်း

 



နေပြည်တော် ဖေဖော်ဝါရီ ၂၅

ခေတ်မီစိုက်ပျိုးစနစ်များ လိုက်ပါကျင့်သုံးမှု ထွန်းကားလာစေရေးနှင့် ဆည်ရေသောက်စနစ် အတွင်းရှိ စိုက်ကွင်းများအားလုံး စိုက်ပျိုးရေအညီအမျှ ရရှိသုံးစွဲနိုင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက တောင်သူများနှင့် အနီးကပ် တွေ့ဆုံဆွေးနွေးခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နေပြည်တော်တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စုမှ ဒေသခံတောင်သူ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုလယ်ယာဦးစီးဌာနက တာဝန်ရှိသူများက သဲဖြူကျေးရွာကွင်းအမှတ် (၁၄၈၁)တွင် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဧက ၁၅၀ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေကို စိုက်ပျိုးမွေးမြူရေး အခြေခံသော ဖွံ့ဖြိုးတိုးတက်သည့် စံပြဒေသအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးရေ အသုံးချမှုဆိုင်ရာ နည်းပညာရပ်များကို စနစ်တကျ ကျင့်သုံးခြင်းဖြင့် ထုတ်လုပ်မှုပမာဏနှင့် အရည်အသွေးတိုးတက်ရရှိနိုင်မှု အကျိုးကျေးဇူး များ၊ စက်မှုလယ်ယာစနစ်သို့ လက်တွေ့မြန်မြန် ကူးပြောင်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၁၅၀ ဖော်ထုတ်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။

အလားတူ (၆၁) နှစ်မြောက် တောင်သူလယ်သမား နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှားတောကျေးရွာအုပ်စု ဂွေးပင်ကျေးရွာစနစ်ကျလယ်ယာမြေများ အောင်မြင်စွာဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ရှားတောဆင်သေချောင်းပိတ် ယာယီရေလွှဲဆည်နှင့် ရွေ့လျားဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွှေမြို့တိုးချဲ့မွေးမြူရေး  ဇုန်ခွာနာလျှာနာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (နေပြည်တော်) လုပ်ငန်းနှင့်မွေးမြူရေး သုတေသန ဦးစီးဌာနရုံးသစ်တည်ဆောက်မည့် မြေနေရာတို့ကိုလည်းကောင်း၊ ကုန်းနေသတ္တဝါဆိုင်ရာ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်း ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူ ထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ ပျား၊ နွားနောက်၊ မြင်း၊ အိမ်မွေးတိရစ္ဆာန် နှင့် တောရိုင်းတိရစ္ဆာန်သုတေသနစခန်း (ရွှေမြို့) တည်ဆောက်မည့် မြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment