မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊
သံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင်
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထူထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြားဆက်ဆံရေးသည်
ခိုင်မာသထက် ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့်ဆက်ဆံရေးအား
တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ယင်းကာလတစ်လျှောက်တွင် ရုရှားနိုင်ငံက
မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည့်အပေါ်တွင်လည်း
မိမိတို့အနေဖြင့် တန်ဖိုးထားပါကြောင်း။
မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးကာလအစ
ကောင်းမွန်သည့်ပြယုဂ်များအနေဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် ရုရှားနိုင်ငံမှ
တည်ဆောက်ပေးခဲ့သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော
စဝ်စံထွန်းဆေးရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊
၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်အင်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့်
ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံအကြားဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲမှုကို အမြဲတမ်းပေါ်လွင်ထင်ဟတ်နေမည်ဖြစ်ပါကြောင်း။
နှစ်နိုင်ငံဆက်ဆံရေး၏ အလယ်ကာလ ၁၉၈၀ -
၁၉၉၀ ပတ်ဝန်းကျင်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးကြမည့် မျိုးဆက်သစ်မြန်မာနိုင်ငံသား
လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံစေရေးအတွက်နှင့် နိုင်ငံ၏
ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးတို့အတွက် ရုရှားနိုင်ငံတွင် ပညာတော်သင်များ စေလွှတ်သင်ယူခဲ့သကဲ့သို့
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို
စတင်တာဝန်ယူချိန်တွင် မြန်မာ-ရုရှား ဆက်ဆံရေးသည် သိသာထင်ရှားစွာတိုးတက်လာသည်ကိုလည်း
မိမိအနေဖြင့် ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့်
နှစ်ဖက်ပူးတွဲ အားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်
ယနေ့အချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိနေပြီဟု မိမိတို့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ
ပြောကြားနိုင်ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည့်
ပူးပေါင်းဆောင်ရွက်မှု ယန္တရားများစွာသည်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအပေါ်တွင်
နားလည်မှုနှင့်ယုံကြည်မှုများ ပိုမိုဖြစ်ထွန်းစေခဲ့ပြီး နှစ်နိုင်ငံနှင့်ပြည်သူများအကြား
ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ချဲ့ထွင်နိုင်စေမည်ဟု ယုံကြည်ပါကြောင်း။
နှစ်နိုင်ငံအတွက် အကျိုးစီးပွားရလဒ်ကောင်းများကို
ထပ်လောင်းဖော်ဆောင်ပေးမည့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် အလားအလာသစ်များရှိဆဲဖြစ်သည်ဟုလည်း
မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ပါကြောင်း၊ ယင်းအလားအလာများကို အပြည့်အဝ ဖော်ထုတ်အကောင်အထည်ဖော်ရန်
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို
မကြာမီကာလတွင် ဖွင့်လှစ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့်အဆင့်တစ်ဆင့်သို့ ရောက်ရှိစေရေးအတွက်
မိမိတို့၏ပူးတွဲကြိုးပမ်းမှုများကို သိသိသာသာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို
ပိုမိုတောက်ပသည့် ကဏ္ဍသစ်တစ်ရပ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည့်ကာလတွင်
ယခု (၇၅)နှစ်မြောက် စိန်ရတု အခါသမယသည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြားတည်ရှိသည့်
အထူးကောင်းမွန်သောချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုဆင်နွှဲရန်
အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာရှိသည့် ညချမ်းအချိန်အခါတွင် မိမိတို့အနေဖြင့်
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ်ကို အမှတ်ရရုံသာမက နှစ်နိုင်ငံပြည်သူများ၏
အပြန်အလှန်အကျိုးစီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေး၊
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ချဲ့ထွင်ရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည့်
အခါသမယလည်းဖြစ်ပါကြောင်း၊ (၇၅)နှစ်တာခရီးကာလကို အောင်မြင်စွာအတူတကွ လျှောက်လှမ်းခဲ့ကြသည့်
မြန်မာ-ရုရှားအစိုးရများနှင့် ပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံပြည်သူများ၏
ချစ်ကြည်ရင်းနှီးမှု ထာဝရတည်တံ့ ခိုင်မြဲစေရေးအတွက်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်
ရုရှားပြည်သူများ ဆက်လက်ဖွံ့ဖြိုးတိုးတက်သာယာဝပြောစေရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံခေါင်း
ဆောင်များနှင့်မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာကြစေရေးအတွက်လည်းကောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့သည် မြန်မာ-ရုရှား
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကိတ်ကို ခွဲပေးကြပြီး
အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့သည် ရုရှားအကအဖွဲ့များ၏
ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းစည်းများပေးအပ်ကာ အခမ်းအနားသို့
တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment