Wednesday, February 22, 2023

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် မဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများဆွေးနွေးပွဲကို ယနေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် ကျောက်ခေတ် သုတေသနလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှု ထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ကွင်းဆင်းသုတေသန ပြုလုပ်ချက်များအရ ယခင်ကမတွေ့ရှိခဲ့သော ကျောက်ခေတ်လယ်နှင့် မဟာသေလာယဉ်ကျေးမှုစသည့်အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက် အသစ်များအပေါ်မူတည်၍ ရေးသားမှုအပိုင်းတွင်လည်း ယခင်ရေးသားချက်များကို ပြန်လည်ပြင်ဆင်ရေးသားရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့လေ့လာတွေ့ရှိထားသော အထောက်အထားများ၊ တွေ့ရှိချက်များအပေါ်တွင် ပူးပေါင်း ပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့်ပတ်သက်၍ ကိုယ်တိုင် ကွင်းဆင်းလေ့လာမှု များမှ တွေ့ရှိချက်တို့ကို စုစည်း ပြုစုထားသည့် “မြန်မာ့ကျောက်ခေတ်” အကြောင်းကိုလည်းကောင်း၊ ဂူနေလူသားမှသည် ကျောက်ခေတ်သစ် တည်ထောင်လာခြင်းနှင့် လူနေမှုအဆင့်အတန်းများ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာမှုတို့ကို ရေးသားပြုစုထားသည့် မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှ၏ “ဂူနေလူသားမှသည် ကျောက်ခေတ်သစ်ဆီသို့” စာတမ်းကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံ ဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နောင်တွင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် တစ်ဆက်တစ်စပ်တည်းသော သမိုင်းစဉ်ကို အပြီးသတ်ထုတ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment