Wednesday, February 22, 2023

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


 ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သန်လျင်မြို့နယ်နှင့်ကျောက်တန်းမြို့နယ်တို့တွင် လမ်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းနှင့်ဝေဇယန္တလမ်းဆုံမှ တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းဆုံထိ ဆက်လက်၍ ဝေဇယန္တလမ်းတစ်လျှောက် လမ်းလယ်ကျွန်းများဆောင်ရွက်ပြီး လမ်းမီးတိုင်များ စိုက်ထူရန်နှင့် မီးကြိုးများကို မြေအောက်(Under Ground)မှ သွယ်တန်းရန်လုပ်ငန်းခွင် ကြိုတင်စစ်ဆေးနေမှုများကို မြေပြင်ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့၏ သန်လျင်-သီလဝါ-ဆိပ်ကမ်းလမ်းကို ပထမအဆင့်(၄)လမ်းသွား၊ ထို့မှဆက်လက်၍ (၆)လမ်းသွားအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းခွင်လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးထင်ကျော်နှင့် တာဝန်ရှိသူများက လုပ်ငန်းစတင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ဝန်ကြီးချုပ်မှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လမ်းလယ်ကျွန်းများ၊ လမ်းမီးတိုင်များစိုက်ထူဆောင်ရွက်ရာတွင် စနစ်တကျ မြေပြင်ကွင်းဆင်း တိုင်းတာ၍ ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်းယာဉ်ကြောကြပ်တည်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)

No comments:

Post a Comment