Sunday, February 12, 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများ ဒုတိယနေ့ ဆက်လက်ခင်းကျင်းပြသ ကြည့်ရှုလေ့လာသူများဖြင့် စည်ကား

 


ရန်ကုန် ဖေဖော်ဝါရီ ၁၁

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖွင့်လှစ်ပြသလျက်ရှိသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။ 

 

နံနက် ၉ နာရီမှစတင်၍ ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းသင့်တင့်၍ ထုပ်ပိုးမှုကောင်းမွန်သော ဝန်ကြီးဌာနများမှ စားသောက်ကုန်နှင့် ဖျော်ရည်များ၊ ရိုးရာအဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းနှင့် အစားအစာများ၊ တောင်သူများအတွက် နှစ်မျိုးသုံးရွှေ့ ပြောင်း ဆိုလာရေတင်စက် ပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့နှင့် ငါးသားပေါက်များကို အများပြည်သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြပြီး လူငယ်များအနေဖြင့် 191 Report Mobile Phone Appli-cation အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ မီးလောင်မှုဖြစ်စဉ်ကို ပေးပို့အကူအညီပေးနိုင်သည့် လမ်းညွှန် Phone Application ထည့်သွင်းခြင်း၊ ဝန်ကြီးဌာနအလိုက် ကိုယ်စားပြုပြခန်းများကို လေ့လာကြည့်ရှုကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရိုးရာအစား အစာဆိုင်ခန်းများကို ဖွင့်လှစ် ရောင်းချလျက်ရှိ ရာ ပြခန်းသို့လာရောက်သည့် ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တန်ဖိုးသင့်ထမင်းနှင့်ဟင်းအရောင်းဆိုင်ကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ လေ့လာ သူများအတွက် စားသောက်ရေး အဆင်ပြေလျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာန၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့ရင်ပြင် ရေပန်းအဝိုင်းအနီးတွင် အနုပညာရှင်များ သီဆိုဖျော်ဖြေကြ သည့် တေးဂီတဖျော်ဖြေပွဲကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ဖျော်ဖြေတင်ဆက် လျက်ရှိပြီး ရွှေတိဂုံစေတီ တော်မြတ်၏ အေးမြသောမေတ္တာရိပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် တေးသံသာ များကို ပြပွဲလာပြည်သူများ စိတ်အားတက်ကြွဖွယ် နားဆင်ခံစားနိုင်ကြမည်ဖြစ်သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက် ကုန်ပစ္စည်း အရောင်းပြခန်းများ ခင်းကျင်းပြသခြင်းကို ဖေဖော်ဝါရီ ၁၄ ရက် အထိ နံနက် ၉ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိကြောင်းသိရသည်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ- ကနူး

No comments:

Post a Comment