Sunday, February 19, 2023

မြန်မာ - ရုရှားသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများ၊ သံတမန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သဝဏ်လွှာဖတ်ကြား

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ မြန်မာ-ရုရှားသံတမန်ဆက်ဆံ ရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယအတွက်ပေးပို့သည့် ဝမ်းမြောက် ကြောင်းသဝဏ်လွှာကိုဖတ်ကြားပြီး မိန့်ခွန်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယအတွက်ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုဖတ်ကြားပြီး မိန့်ခွန်းပြောကြားသည်။

အောင်မြင်မှုများရရှိခဲ့

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်အနေအထားကွာခြားချက်များရှိလင့်ကစား လွန်ခဲ့သည့် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလအတွင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတို့ကိုအခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသည့်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူပြီး နောက်ပိုင်းတွင် ပိုမိုများပြားလာသည့် အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ခဲ့ သည်မှာ ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လာမည့်နှစ်များအတွင်း ချစ်ကြည်ရင်းနှီး မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားနိုင်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ခိုင်မာသည့်ကတိကဝတ်များကို ဖော်ပြခဲ့ကြသည်။

အကအလှများဖြင့်ဖျော်ဖြေ

ဆက်လက်၍ မြန်မာ - ရုရှားနှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဗီဒီယိုမှတ်တမ်းကိုပြသခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ရုရှားသံရုံးတို့မှ အနုပညာရှင်များက နှစ်နိုင်ငံရိုးရာတင်ဆက်မှုများနှင့် ယဉ်ကျေး မှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရုရှားအနုပညာရှင်များကို လည်းကောင်း၊ ရုရှားသံအမတ်ကြီးက မြန်မာအနုပညာရှင်များကိုလည်းကောင်း အမှတ်တရပန်းခြင်းများ လက်ဆောင်ပေးအပ်ပြီး တက်ရောက်လာကြသည့်ဧည့်သည် တော်များက ရုရှားသံအမတ်ကြီးနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် ဝန်ကြီးဌာနကိုးခုနှင့် ရုရှားသံရုံး တို့မှခင်းကျင်းပြသထားသည့် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး တက်ရောက်လာသူများကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment