Friday, February 24, 2023

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းဖို့လို

ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ကျဆင်းခဲ့ရသည်။ မြွေပူရာကင်းမှောင့်ဆိုသည့်နှယ် ထိုကာလအတွင်းက နိုင်ငံစီးပွားပျက်စီးစေရန်အတွက် ဘဏ်စနစ်များပြိုလဲအောင် ထိုးနှက်တိုက်ခိုက်မှုများလည်းရှိခဲ့ရာ ဘဏ်စနစ်မပြိုလဲစေရန်၊ နိုင်ငံ့စီးပွားရေး ထိခိုက်ပျက်စီးမှုမဖြစ်စေရန် အစိုးရက ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ထို့အပြင် နိုင်ငံတော်အစိုးရက ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးပြီး ပြည်တွင်းစီးပွားရေးကို မြှင့်တင်ခဲ့သည့်အတွက် နိုင်ငံတွင်စားရေရိက္ခာရှားပါးမှု၊ ပြတ်လပ်မှုနှင့် မတွေ့ကြုံရဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုမူ အများနိုင်ငံတို့နည်းတူ ခံစားခဲ့ကြရသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ခွင် ကူးစက်ပျံ့နှံ့နေမှုနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေတင်းမာမှု စသည်တို့က ကမ္ဘာတစ်ဝန်းလုံးတွင် ကုန်ပစ္စည်းရှားပါးမှု၊ စက်သုံးဆီ ဈေးနှုန်းများမြင့်တက်မှုတို့ကိုဖြစ်ပေါ်စေခဲ့ပြီး ဆက်စပ်၍ဖြစ်ပေါ်လာသည့် အကျိုးဆက်များကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခံစားခဲ့ကြရသည်။ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့မှ ထုတ်လုပ်သည့် စားရေရိက္ခာများ ပြည်တွင်းအတွက် ဖူလုံသည့်အပြင် ပြည်ပသို့လည်း တင်ပို့နိုင်သည့် နိုင်ငံဖြစ်ရာ ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်သည်နှင့်အမျှ နိုင်ငံ့စီးပွားရေး ပိုမိုမြင့်မားလာနိုင်သည့် နိုင်ငံမျိုးလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်မူ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေနှင့်အတူ ကုန်ထုတ်လုပ်မှု ကောင်းမွန်လာခြင်း၊ နယ်စပ်ကုန်သွယ်မှုများ အတိုင်းအတာတစ်ရပ်အထိ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လာနိုင်ခြင်းတို့ကြောင့် လုပ်ငန်းများပြန်လည် လည်ပတ်လာနိုင်ခြင်းနှင့်အတူ နိုင်ငံ၏စီးပွားရေးသည် အနုတ်လက္ခဏာပြနေရာမှ အပေါင်းလက္ခဏာဆီသို့ တိုးတက်လာခဲ့သည်။ တစ်ဖက်တွင်လည်း နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးဆောင်ရွက်မှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဆိုပါက အတိုင်းထက်အလွန်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံ့ဝင်ငွေတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးမှုနှင့်အတူ ဒေသအသီးသီးတွင်ရှိနေသော ကုန်ထုတ်လုပ်သူများ၏ အားထုတ်ကြိုးပမ်းမှုများကြောင့် လုပ်ငန်းများ တိုးတက်မှုနှင့်အတူ နိုင်ငံ့စီးပွားရေးသည်လည်း ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်မိသည်။

ယခုအခါ အကြမ်းဖက်အဖျက်သမားတို့က လမ်းတံတား အခြေခံအဆောက်အအုံများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံ့စီးပွားရေးအတွက် အရေးပါသည့် လျှပ်စစ်ဓာတ်အားတာဝါတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဖြိုလှဲခြင်းတို့ဖြင့် အဖျက်လုပ်ရပ်များကို ကျူးလွန်နေကြရာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးနှင့် တစ်ဆက်တစ်စပ် တည်းဖြစ်သည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးတို့အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတည်ဆောက်မှုတွင် ပြည်သူအားလုံးက တစ်တပ်တစ်အားပါဝင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment