Friday, February 24, 2023

ငှက်ဖျားရောဂါပပျောက်ရေး ပူးပေါင်းဆောင်ရွက်

 

မြန်မာနိုင်ငံတွင် ကူးစက်ရောဂါအမျိုးမျိုးရှိသည့်အနက် ငှက်ဖျားပိုးကြောင့် ကူးစက်ပြန့်ပွားမှုကို သတိမူကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါမှာ တောတောင်စိမ့်စမ်းများတွင် ငှက်ဖျားပိုးရှိသည့်ခြင် အကိုက်ခံရမှသာ ဖြစ်ပွားသည်ဟု မှတ်ယူထားကြသည်။ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ပြီး ငှက်ဖျားရောဂါကပ်ပါးပိုးမျိုးကွဲများကြောင့် ဖြစ်ပွားသည်။ ၎င်းကပ်ပါးပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ငှက်ဖျားပိုးသယ်ဆောင်လာသည့်ခြင်ကိုက်ခံရခြင်းမှ ကူးစက် ပျံ့နှံ့ဖြစ်ပွားသည်။

ငှက်ဖျားပိုးသည် မည်သူ့ကိုမဆို ကူးစက်နိုင်ပါသည်။ ငှက်ဖျားကူးစက်မှုရှိသော ဒေသများနှင့် ဆက်စပ်ဒေသများသို့ ရွှေ့ပြောင်းသွားလာကြသည့် ဆောက်လုပ်ရေးနှင့် သစ်တောဘက်ဆိုင်ရာ အလုပ်လုပ်ကိုင်သူများတွင် ငှက်ဖျားရောဂါ ကနဦး ဖြစ်နိုင်ခြေပိုများသည်။ ခြင်သည် နေရာအနှံ့၌ ပျံ့နှံ့ပေါက်ပွားသောကြောင့် ငှက်ဖျား ကပ်ပါးပိုးများမှာလည်း ပျံ့နှံ့ဖြစ်ပေါ်နိုင်သည်။ ကပ်ပါးပိုးတစ်မျိုးသည် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများတွင် ပေါက်ပွားလေ့ရှိပြီး အခြားတစ်မျိုးသည် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် ပေါက်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၉၁ မြို့နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနေသောကြောင့် ငှက်ဖျားကူးစက်မှုအန္တရာယ်ကို အထူးသတိမူကြရမည်ဖြစ်သည်။

လူတစ်ယောက်သည် ပုံမှန်အခြေအနေမှ ချမ်းတုန်၍အဖျားကြီးခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ကြွက်သားအဆစ်အမျက်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အော့အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများသည် ငှက်ဖျားကူးစက်ခံထားရခြင်းဖြစ်သည်။ ထို့အပြင် ရောဂါပြင်းထန်လာပါက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် ခြင်ကိုက်မခံရစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကာကွယ်ထားရန် လိုအပ်ပြီး မိမိတို့၏ပတ်ဝန်းကျင်တွင် ရေမဝပ်အောင်၊ ရေစီးရေလာ ကောင်းအောင် ပြုလုပ်ထားရန်လိုအပ်သည်။ ခြင်ကိုက်မခံရအောင် ကာကွယ်ရန်နှင့် ရောဂါကူးစက်ဖြစ်ပွားပါက မှန်ကန်သောကုထုံးများဖြင့် ကုသနိုင်ရန် ကျန်းမာရေး အသိပညာများ ပေးဝေကြရမည်ဖြစ်သည်။

 မြန်မာနိုင်ငံ၌ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်တွင် ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသော ဖယ်စီပါရမ်ငှက်ဖျားပိုးတွေ့သူ လုံးဝ မရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် လူအချင်းချင်းကူးစက် သော ငှက်ဖျားပိုးတွေ့လူနာ လုံးဝမရှိစေရန် ရည်မှန်းထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၃၀) ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ငှက်ဖျား ရောဂါကူးစက်မှုပပျောက်ရေးအတွက် အရေးပါသည့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ငှက်ဖျားရောဂါကို ရှာဖွေကုသရာတွင် ငှက်ဖျားပိုးတွေ့ရှိပါက ငှက်ဖျားရောဂါ ကူးစက်မှုကို ဖြတ်တောက်ရန်အတွက် ပိုးတွေ့ရှိပြီးချိန်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာဒေသရှိ ကျန်းမာရေးဌာနသို့ မဖြစ်မနေသတင်းပို့ရမည်ဖြစ်သည်။ ငှက်ဖျားရောဂါ ကူးစက်မှုပပျောက်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံအပါအဝင် “မဟာမဲခေါင်ဒေသ (၆)နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျားကူးစက်မှုပပျောက်ရေး ဆောင်ရွက်မည်” ဆိုသည့် ကတိကဝတ်ကို အကောင်အထည်ဖော်နေသည့်အတွက် ကဏ္ဍအသီးသီးအနေဖြင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ နည်းဗျူဟာများအတိုင်း ဟန်ချက်ညီညီ လက်တွဲလုပ်ကိုင်ကြရမည်ဖြစ်သည်။ ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက အရှိန်အဟုန်မပျက်ဆောင်ရွက်နေသော်လည်း အဓိကမှာ ပြည်သူလူထုဖြစ်၍ ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ပေးဝေပြီး ကာကွယ်ကြရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါသာမက သွေးလွန်တုပ်ကွေးနှင့် အခြားဆက်စပ်ရောဂါများ မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုစိုက်ကြရမည်ဖြစ်သည်။ ခြင်များနှင့်အတူနေထိုင်သည့်သဘာဝကို ဖျောက်ဖျက် ကြရမည်ဖြစ်သည်။ အချို့နေရာများတွင် ခြင်များပေါက်ပွားစေသော ရေစီးရေလာ မကောင်းခြင်းကို သက်ဆိုင်ရာက ရှင်းလင်းပေးမည်ကို စောင့်ဆိုင်းမနေဘဲ မိမိတို့ပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် အမြဲတစေဆောင်ရွက်သည့် တာဝန်သိစိတ်ဓာတ်ကို မွေးမြူသင့်သည်။ တစ်ဦးချင်း၊ တစ်အိမ်ချင်းအနေဖြင့်လည်းကောင်း၊ ရပ်သူ ရွာသား၊ လမ်းသူလမ်းသားများ စုပေါင်း၍လည်းကောင်း မကြာခဏဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။

သို့ဖြစ်ရာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးကို မျှော်မှန်းချက်အတိုင်း အကောင် အထည်ဖော်နိုင်ရန် ရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့နှင့်စပ်လျဉ်း၍ မဖြစ်မနေသတင်း ပို့ကြရန်နှင့် ခြင်မပေါက်ပွားသော ကျန်းမာရေးနှင့်ညီညွတ်သည့်ပတ်ဝန်းကျင် ကောင်းဖြစ်အောင် လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment