ရန်ကုန် ဖေဖော်ဝါရီ ၁၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်စီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီဥက္ကဋ္ဌ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များရှိ ဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု သိသာ ထင်ရှားစွာတိုးတက်ရေးကို ဦးတည်သည့် ကောင်းမွန်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ လေ့ကျင့်ရေး သုတေသနနှင့် ဆန်းသစ်တီထွင်မှုများဖြစ်လာစေရေး အစရှိသည့် ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း။
ယခုအစည်းအဝေးတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့်(မန္တလေး) တို့မှ ပညာရေးအဖွဲ့များပြင်ဆင်ဖွဲ့စည်းခြင်း၊ ဂီတပညာဌာနနှင့် သဘင်ပညာဌာနတို့တွင် တိုင်းရင်း သားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များ ထည့်သွင်းသင်ကြားနိုင်ရန်နှင့် ထည့်သွင်းသင်ကြားမည့်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများအား အတည်ပြုနိုင်ရေး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့နှင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ အပ်နှင်းချီးမြှင့်နိုင်ရေး စသည့်အမှာစာများ တင်ပြထားသည်ဟု သိရှိရကြောင်း၊ တက္ကသိုလ်ကောင်စီဝင်များအနေဖြင့် ယင်းအမှာစာများနှင့်စပ်လျဉ်း၍ လိုအပ်သောအကြံပြုချက်များ၊ အကြံဉာဏ်ကောင်း များကို ဆွေးနွေးပေးစေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဖော်ထုတ်၊ တိုးတက် ပြန့်ပွားရေးနှင့် မြန်မာ့သုခုမအနုပညာနယ်ပယ်တွင် ထူးချွန်သော အနုပညာရှင်များ ပေါ်ထွန်းစေရေး၊ ကိုယ်ကျင့်တရားကောင်းမွန်သော အနုပညာရှင် ကောင်းများ မွေးထုတ်ပေးရေး စသည့်ရည်မှန်းချက်များနှင့်အညီ တည်ထောင်ဖွင့်လှစ်ထားသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်းမွန်စွာတည်တံ့ခိုင်မြဲ တိုးတက်စေရေးအတွက် အကြံဉာဏ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခ ချုပ်များက အမှာစာများဖတ်ကြားတင်သွင်းပြီး တက်ရောက်လာကြသည့် တက္ကသိုလ်ကောင်စီဝင် များနှင့် တာဝန်ရှိသူများက အမှာစာတင်ပြချက်များကို အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ရွှေတိဂုံဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ ရွှေတိဂုံစေတီတော်ကြီး၏ သာသနိကအဆောက် အအုံများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုမရှိစေရေး ပွင့်လင်းရာသီတွင် ပြုပြင်ဆောင်ရွက်ရန်နှင့် ပြည်ပ ဘုရားဖူးများအတွက် သက်ဆိုင်ရာဘာသာအလိုက် ရှင်းလင်းနိုင်ရေး ပြင်ဆင်ထားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဌေးလှိုင်နှင့် ဂေါပကအဖွဲ့ ဝင်များက ဖွဲ့စည်းပုံနှင့် လက်ရှိလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ရှင်းလင်း တင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment