မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ သက်တမ်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်မရှေးမနှောင်းပင် ဖြစ်သည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများပင်ဖြစ်သည်။ ဤမျှရှည်ကြာသော ကာလအတွင်း နိုင်ငံအတွက်၊ ဒေသအတွက်၊ လူမျိုးစုများအတွက် အကျိုးရလဒ် သို့မဟုတ် မှန်ကန်သော အဖြေတစ်စုံတစ်ခုမှ ထွက်ပေါ်လာခြင်းမရှိဘဲ နိုင်ငံ၏အရင်းအမြစ်များစွာ ဆုံးရှုံးခဲ့ရခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးခဲ့ရခြင်းတို့ကြောင့် နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများ အဆင့်မှာပင် နောက်တန်းသို့ ရောက်ခဲ့ရသည်။
ကိုလိုနီခေတ် သွေးခွဲအုပ်ချုပ်ခြင်း၏ အကျိုးဆက်ဖြစ်သော သံသယများကို အကြောင်းခံသည့် လက်နက်ကိုင်ပဋိပက္ခများမှ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဘဝနှင့်ရင်း၍ တိုက်ရိုက် ခံစားကြရသူများမှာ ပဋိပက္ခနယ်မြေများတွင် ရှိနေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများပင်ဖြစ်သည်။ နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု မရှိသည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ အဘက်ဘက်တွင် နိမ့်ကျသည်။ နေ့စဉ်စားဝတ်နေရေးအတွက် အေးအေးချမ်းချမ်း လုပ်ကိုင်ရှာဖွေနိုင်ရန်လည်း ခက်ခဲလှသည်။ ဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာလျှင်မူ အသက်နှင့်ခန္ဓာထက် ပို၍အရေးကြီးသည့်အရာ မရှိတော့သည့်အလျောက် အိမ်ပစ်၊ ယာပစ်တိမ်းရှောင်ထွက်ပြေးကြ ရသည်။ ဒေသအနေဖြင့်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဘာမျှမပြုလုပ်နိုင်သည့်အပြင် ရှိပြီးအခြေခံအဆောက်အအုံများပင် ပျက်စီးဆုံးရှုံးကြ ရသည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံလွတ်လပ်ရေးရခဲ့သော်လည်း လွတ်လပ်ရေးနှင့် မရှေးမနှောင်းတွင် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများမှာ လွတ်လပ်ရေး၏ အရသာကို ပြည့်ဝစွာ မခံစားကြရ။ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူလူထု အားလုံးမှာ လက်နက်ကိုင်ပဋိပက္ခ၏ ဒဏ်ကိုသာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ခံစားကြရပြီး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် ဆောင်ရွက်ပေးရန်တို့ကို အခက်အခဲများစွာကြားမှ နှောင့်နှေးစွာ လုပ်ကိုင်ရခြင်းဖြင့် ကာလကြာမြင့်သည်နှင့်အမျှ နောက်ကျ လာခဲ့ရခြင်းဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆန့်ကျင်ဘက်တွင်မူ ပြည်တွင်း/ပြည်ပ အဖျက်အမှောင့် အင်အားစုများနှင့် အကြမ်းဖက်အုပ်စုများက နိုင်ငံအလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ကာ ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။ ယင်းသို့သော အခြေအနေတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးက ဥမကွဲသိုက်မပျက် ရင်းနှီးချစ်ခင်မှုများဖြင့် ပြည်တွင်း/ပြည်ပ အဖျက်အမှောင့်များ၏ အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အရင်းခံဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment