Sunday, February 12, 2023

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များကို လက်တွေ့ဖော်ဆောင်

 



ယနေ့သည် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်မှုကို အခိုင်အမာ စိုက်ထူနိုင်ခဲ့သည့် ပြည်ထောင်စုနေ့အခါသမယဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာအောင် ပင်လုံမြေတွင် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ထားနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်သည်။ ဤနေ့ထူးနေ့မြတ်မှသည် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန် စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် နိုင်ငံတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

တစ်ခုတည်းသော အမိမြေ၊ အမိမြန်မာနိုင်ငံတော်ကြီးကို တစ်စိတ်တစ်ဝမ်းတည်း ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းဟူသည့် ဝံသာနုရက္ခိတတရားအပေါ် အခြေခံထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်။ ဤပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူခဲ့သည်။ စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်နိုင်သည်။ နိုင်ငံအေးချမ်းသာယာအောင် ဖန်တီးနိုင်သည်။ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်သည်။ တန်ဖိုးကြီးမားသော ပြည်ထောင်စုနေ့တွင် စတင်သန္ဓေတည်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ထာဝစဉ်ရှင်သန်ထွန်းကားအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားရေးနှင့် ပြည်ထောင်စုကြီးကို တည်ဆောက် ကာကွယ်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုရည်ညွှန်း၍ ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်များကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ယခုနှစ်တွင် ချမှတ်ထားသည့် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များသည် တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းထောင်ချီ အတူတကွရပ်တည်နေထိုင်ခဲ့သည့် တစ်ခုတည်းသော အမိမြေ၊ တစ်ခုတည်းသော အမိမြန်မာနိုင်ငံတော်ကြီးကို တစ်စိတ်တစ်ဝမ်းတည်း ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းဟူသည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံထားသည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များမှာ (၁) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး။ (၂) ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။ (၃) တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လက်တွဲဆောင်ရွက်ရေး။ (၄) ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေး။ (၅) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်ရေးတို့ဖြစ်သည်။

ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး၏ စုစည်းညီညွတ်သောစွမ်းပကားသည် အရေးအကြီးဆုံးဖြစ်သည်။ ပြည်တွင်းအင်အားသည် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်သည်။ ပြည်ထောင်စုကြီး ရှင်သန်ထွန်းကား ရေးအတွက် မျက်မှောက်ကာလတွင် ချမှတ်ထားသည့် နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂) ရပ်သည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၏ ရည်မှန်းချက်များပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပကတိအရှိတရားနှင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည့်အချက်များဖြစ်သည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ နိုင်ငံတစ်ဝန်း တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ချစ်ခင်ရင်းနှီးစည်းလုံးမှု တည်ဆောက်ရေးတို့ကို ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် ဝံသာနုရက္ခိတတရား အပေါ်အခြေခံ၍ တည်ဆောက်ကြလျှင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင် ဖြစ်ထွန်းလာမည်။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများအားလုံး ချစ်ခင်ရင်းနှီး စုစည်းညီညွတ် သောစွမ်းပကားဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ဝိုင်းဝန်းအကောင်အထည်ဖော်ပြီး အားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။          

No comments:

Post a Comment