Tuesday, February 28, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဖေဖော်ဝါရီ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

မြန်မာတို့၏ ရှေးထုံးအစဉ်အလာနှင့်အညီ နိပါတ်တော်ပန်းချီကားများအဖြစ် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား ၉၆ ချပ်(ဂန္ဓကုဋိတိုက်တစ်လုံးတွင် လေးချပ်စီ)ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် ၂၄ လုံးအတွင်း၌ ထည့်သွင်းထားရှိနိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဝင်များက ရေးဆွဲလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဗုဒ္ဓဝင်ပန်းချီကား ၉၆ ချပ်အနက် ပထမအကြိမ်ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲခြင်း လုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီး ဒုတိယအကြိမ် ဆီဆေးပန်းချီကား ၃၂ ချပ်ရေးဆွဲခြင်း လုပ်ငန်းကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)နှင့် Myanmar Arts Center တို့ တွင် ရေးဆွဲလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment