Monday, February 20, 2023

မင်းဘူး(စကု)မြို့နယ်၌ တိုင်းဒေသကြီးအဆင့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

 

မင်းဘူး ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအဆင့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မန်းရွှေစက်တော်ဘုရားကြီးရှိ ကမ္ဘာအေးချင်းဘုရားစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ချင်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။










ဦးစွာ မကွေးတိုင်းဒေသကြီးအဆင့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ဖွင့်ပွဲမုဒ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မင်းဘူးခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်မှဖတ်ကြားပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ချင်းတိုင်းရင်းသား ရိုးရာအက အဖွဲ့များက (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ချင်းရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးတို့မှ မြို့နယ်အလိုက် ချင်းရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့သည့် အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီးနောက် အောင်လံမြို့နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဆလိုင်းထွန်းရွှေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းရင်းသားရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာအစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအဆင့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အောင်ပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို မန်းရွှေစက်တော်ဘုရားကြီးရှိ သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ကျင်းပရာ အခမ်းအနားကို ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မင်းဘူးမြို့ သာသနာ့ဝေပုလ္လ မှန်ကင်းကျောင်းတိုက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တပုညထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့်ဇနီးတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေကာ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments:

Post a Comment