Wednesday, February 22, 2023

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှားချောင်းကျေးရွာသို့ရောက်ရှိပြီး ရှားချောင်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် စည်တိုးအောင်ကျေးရွာတို့မှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ၊ ဒေသခံပြည်သူများ၊ စပါးဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကောင်းသစ်စံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့ရှိ စိုက်ဧကပေါင်း ၃၇၆၇ ဒသမ ၀၈ ဧကတွင် သမဝါယမအသင်းပေါင်း ၂၅ သင်းမှ သမဝါယမအသင်းအဖွဲ့စနစ် ဖြင့် နွေစပါး များစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများတွင် သမဝါယမကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူ များလိုအပ်သည့် မျိုး၊ သွင်းအားစုများ၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ စပါးပေါ်ချိန်တွင် ဒေသပေါက်ဈေးနှင့်အညီ ပြန်လည် ရောင်းချနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရောင်းချပြီးရရှိလာသည့် အကျိုးအမြတ် များအနက် နိုင်ငံတော်မှထုတ်ပေးထားသော သွင်းအားစုတန်ဖိုးများ ပြန်လည်ပေးသွင်းနိုင်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ China EXIM Bank ချေးငွေများနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည်ပေးသွင်းနိုင်ရေးကို တောင်သူများက အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ တောင်သူများအတွက် နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသောသွင်းအားစုများပံ့ပိုးပေးပြီး ထွက်ရှိလာသောစပါးများအနက် သွင်းအားစုရယူထားသည့် တန်ဖိုးနှင့်ညီမျှသည့် နွေစပါးများကို အသင်းအမှုဆောင်များက စုစည်းကောက်ယူရေးပြောကြားကာ တောင်သူများ၊ ဒေသခံပြည်သူများ၊ သမဝါယမအသင်းသားများ၊ စပါးဝယ်ယူကြိတ်ခွဲရေး အစုအဖွဲ့များနှင့် ဆန်စက်လုပ်ငန်းရှင်များ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များက နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ၊ တောင်သူများလိုအပ်သည့်မျိုး၊ သွင်းအားစု၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

ကြည့်ရှုစစ်ဆေး

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေ ၆၂ အိမ်၊ လူဦးရေ ၂၈၅ ဦးရှိ လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာအုပ်စု တောင်သာကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှတတ်နိုင်သမျှ စီမံကိန်းများချမှတ် ဆောင်ရွက်ပေးထားကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြားကျေးရွာများနည်းတူ ယခုကျေးရွာတွင်လည်း နွေစပါးစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ရေး ဆက်လက်ထိန်းသိမ်းကြရန်နှင့် အောင်မြင်ရေးအတွက် တောင်သူများကိုယ်တိုင် ကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment