ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၂
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်ကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးက အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ ခွင့်ပြုရန်ပုံငွေကျပ် (၅၆၉၉ ဒသမ ၆၃၉)သန်းဖြင့် ယခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် ကျေးလက်ကွန်ကရစ်လမ်း(၆)မိုင်၊ ကတ္တရာလမ်း(၂)မိုင် (၅)ဖာလုံ၊ ကျောက်လျှောလမ်း(၄)ဖာလုံ၊ ဂဝံကျင်းလမ်း(၄)မိုင် စုစုပေါင်းကျေးလက်လမ်း (၁၃)မိုင်၊ ကွန်ကရစ်တံတားနှင့် ကြိုးတံတား(၁၅)စင်း၊ Box Culvert (၂၆)စင်း စုစုပေါင်း ကျေးလက်တံတား(၄၁)စင်းကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာ နေပြည်တော်ကောင်စီအနေဖြင့် ကျေးလက်ကွန်ယက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်အတူ အခြားမိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူတို့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခု(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာကွန်ကရစ်လမ်းမှာ လမ်းအရှည်(၄၅၀၀)ပေ၊ အကျယ်(၁၂)ပေဆောင်ရွက်ထားရှိပြီး ကျေးရွာပေါင်း(၆)ရွာ၊ အိမ်ခြေပေါင်း(၁၄၇၉)အိမ်၊ လူဦးရေ(၇၀၄၈)ဦးတို့အား တိုက်ရိုက်အကျိုးခံစားစေမည့်အပြင် ကျေးရွာများ၏ စိုက်ဧက(၂၉၀)ခန့်ကိုပါ လွှမ်းခြုံအကျိုးပြုစေမှာဖြစ်သည့်အတွက် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ များစွာအထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ ကျေးလက်ထုတ်ကုန်များလည်း ဈေးကွက်သို့ အချိန်မှီတင်ပို့ရောင်းချနိုင်မှာဖြစ်ပြီး ကျေးလက်နေအိမ်ထောင်စုများ၏ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းကုန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်အား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)
No comments:
Post a Comment