Saturday, February 18, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်က ကြီးမှူးကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် Virtual စနစ်ဖြင့်ကျင်းပသည်။

အခမ်းအနားတွင် ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Dr Evgeny Vlasov၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr Nikolay Listopadov၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့က မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု စိန်ရတုအထိမ်းအမှတ်ဆိုင်ရာ အဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲရေးကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူးကလီးယားနည်းပညာအား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အလားအလာများကို ဆွေးနွေးပြောကြား ကြသည်။

စကားဝိုင်း‌ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ ဦးမျိုးမြင့်အပါအဝင်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ် အသီးသီးမှ ပညာရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment