Saturday, February 18, 2023

သတိပြုဖွယ် သတင်းမှားအန္တရာယ်



ဇင်ငြိမ်း

သတင်းနဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့ မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမား ပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ပိုပြီးလည်း အသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုကို ဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။

တိုးတက်လာတဲ့ခေတ်ကြီးမှာ လူတွေရဲ့လိုအပ်ချက်တွေ မြင့်မားလာတာကိုနည်းပညာနဲ့ ဆက်သွယ် ရေးစနစ်တွေက ဖြည့်ဆည်းပေးနိုင်တာကြောင့် အခုဆိုရင်လူတိုင်းရဲ့ နေ့စဉ်ဘဝတွေဟာ နည်းပညာ အပေါ်မှာ ပိုမိုမှီခိုနေကြရပြီး လွတ်ကင်းလို့ မရနိုင်တော့တာ လက်တွေ့ပါပဲ။ တချို့ဆိုရင် နေ့စဉ်သုံးနေတဲ့ နည်းပညာပစ္စည်းနဲ့ အင်တာနက်မရှိတာနဲ့ အလုပ်တွေကို လွယ်လွယ်ကူကူလုပ်ဖို့ မလွယ်တော့တဲ့အထိ လူနဲ့ နည်းပညာတွေက ခွဲခြားဖို့ခက်နေပါပြီ။ နည်းပညာတွေကို အသုံးချတာများလာတာနဲ့အမျှ လူတွေရဲ့လူနေမှုဘဝပုံစံတွေပါ လိုက်ပါပြောင်းလဲနေကြပါတယ်။ အနီးစပ်ဆုံးကြည့်ကြည့်ပါ။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီကစလို့ကိုယ့်ရဲ့တစ်နေ့တာ သုံးစွဲနေတဲ့ နည်းပညာပစ္စည်းတွေနဲ့ ကိုယ်နဲ့ဆက်စပ်မှု၊ အသုံးပြုမှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။ တချို့နည်းပညာမြင့် ပစ္စည်းတွေဆိုလိုက်လို့တောင် မမီ တော့ပါဘူး။

အကျိုးသက်ရောက်မှု

ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်မြင့်မားလာတာဟာ လူတွေရဲ့ဘဝကဏ္ဍအားလုံးကို ပြောင်းလဲ စေပါတယ်။ ပညာသင်ကြားရာမှာဆိုရင်လည်း အင်တာနက်အခြေပြုသင်ကြားတဲ့ စနစ်တွေကြောင့် သင်ကြားရတာ လွယ်ကူလာပြီးသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေလည်း ပိုပြီးရလာပါတယ်။ အင်တာနက်နဲ့ ဆက်သွယ်ရေးစနစ်တွေ မြင့်မားလာတဲ့အတွက် ကမ္ဘာပေါ်မှာ နယ်မြေကန့်သတ်ချက်ဆိုတာ အရင်ကလို အခက်အခဲတစ်ခု မဟုတ်တော့ပါဘူး။ လူသားတွေဟာ လိုအပ်ချက်တွေနောက်ကိုလိုက်ရင်း တီထွင်မှုတွေ တစ်ခုပြီးတစ်ခု ကြံဆလာကြပါတယ်။ တီထွင်မှုတွေကြောင့် တိုးတက်လာတဲ့ နည်းပညာတွေဟာ အခုဆိုရင် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့အပြုအမူတွေအပေါ် သက်ရောက်နေပါပြီ။ လူသားတွေ ဖန်တီးတဲ့နည်းပညာတွေဟာ လူတွေရဲ့လိုအပ်ချက်နဲ့ပြဿနာတွေကို ဖြေရှင်းပေးတဲ့အပြင် မတူညီတဲ့ စီးပွားရေးပုံစံတွေ၊ ဘဝနေထိုင်မှုပုံစံသစ်တွေ ပြောင်းလဲလာတာကြောင့် ထပ်မံတီထွင်ဖန်တီးတာတွေ ကြံဆလာကြပြန်ပါတယ်။

အဲဒီလို လိုအပ်ချက်နဲ့ တီထွင်မှုတွေကြောင့် လူတွေရဲ့ကဏ္ဍတိုင်းနီးပါးဟာ ပိုပြီးလွယ်ကူလာတယ်၊ ထိရောက်လာတယ်၊ မြန်ဆန်လာပါတယ်။ အဲဒီရဲ့ ရလဒ်ကလူသားတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြေရှင်းရာမှာ အထောက်အကူရရှိစေတာပဲဖြစ်ပါတယ်။ နည်းပညာတွေကြောင့် လူတွေမှာ ကောင်းကျိုးတွေ တသီတတန်းကြီး ရနေပေမယ့်တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ တချို့ဆိုရင် နည်းပညာတွေရဲ့သားကောင်တွေ ဖြစ်နေကြပါတယ်။ နည်းပညာတိုးတက်မှုကြောင့်ဖြစ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ အမျိုးမျိုးပါပဲ။ တချို့ကလည်း နည်းပညာတိုးတက်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်သလို တချို့ကလည်း သုံးစွဲသူတွေရဲ့ လွဲမှားတဲ့ အသုံးပြုတာတွေကြောင့်ဆိုတာ တွေ့ရပါတယ်။

ပြောင်းလဲမှုနှင့် ဘေးထွက်ဆိုးကျိုး

အထက်မှာ ဆိုခဲ့သလို နည်းပညာတွေ တိုးတက်လာတာဟာ လူသားတွေအတွက် မကြုံစဖူးအကျိုး ကျေးဇူးတွေ ရနေကြပါတယ်။ အနီးစပ်ဆုံးပြောရရင် မိုဘိုင်းဖုန်းတစ်လုံးကို လိပ်ပတ်လည်အောင်သုံးတတ် ရင်ပဲ ဘယ်လောက်အကျိုးရှိတယ်ဆိုတာတွေ့ရမှာပါ။ ဒါပေမယ့် ကောင်းကျိုးပြုတာတွေက အနုတ်လက္ခဏာ တွေထက်များတာ မှန်ပေမယ့် အနုတ်လက္ခဏာတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် စိုးရိမ်စရာတွေတိုးမြင့်လာနေပါတယ်။ အဲဒီအနုတ်လက္ခဏာဖြစ်စေတဲ့ သက်ရောက်မှုတွေထဲမှာဆိုရင် သဘာဝရင်းမြစ်ကုန်ဆုံးမှု၊ လူဦးရေမြင့်တက်လာမှုနဲ့ ကျန်းမာရေးပြဿနာ၊ များပြားလာတဲ့ ညစ်ညမ်းမှုတွေ၊ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုတာတွေ ပါဝင်ပါတယ်။

ဒီလိုပဲ နည်းပညာတိုးတက်လာလို့ ပြောင်းလဲသွားမှုတွေထဲမှာဆိုရင် လူမှုဘဝပုံစံတွေ၊ ကျန်းမာရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လူငယ်တွေရဲ့စိတ်သဘောထား၊ လူသားတွေရဲ့အမူအကျင့်စရိုက်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့နယ်ပယ်တိုင်းလိုလိုမှာ နည်းပညာ အခြေပြုတဲ့ပုံစံတွေအဖြစ် ပြောင်းလဲလာကြပါတယ်။

အဲဒါတွေထဲကမှ လူတိုင်းအများစုရဲ့နေ့စဉ်ဘဝနဲ့ထိတွေ့ပြီး အသုံးတည့်နေတာက လူမှုကွန်ရက်တွေပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်လို့ဆိုရင် ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ် စတဲ့လူမှုကွန်ရက်တွေ အများကြီးပါ။ လူမှုကွန်ရက်တွေကလည်း အင်တာနက်၊ ဆက်သွယ်ရေးနည်းပညာနဲ့ ဉာဏ်ရည်တုတွေ တိုးတက်လာတဲ့အတွက် အသုံးပြုရတာ၊ ထိရောက်တာ၊ မြန်ဆန်တာတွေက တစ်နေ့တခြားပိုကောင်းလာပါ တယ်။ လူတစ်ဦးချင်းစီရဲ့အကြိုက်တွေနဲ့ လူ့သဘောသဘာဝတွေကိုအခြေခံပြီး အဆင့်မြှင့်လာတဲ့ သူ့ရဲ့အားသာချက်တွေကြောင့်လည်း လူထုအတွင်းကို မြန်မြန်ဆန်ဆန် ထိုးဖောက်လာပါတယ်။

အဲဒီလိုတိုးတက်လာတာတွေက အဘက်ဘက်က အကျိုးရှိတယ်ဆိုပေမယ့် တိုးတက်တာတွေကို တခြားရည်ရွယ်ချက်တွေအတွက် အသုံးချနေကြတာတွေလည်း ပိုများလာပါတယ်။ လူအများသုံးနေကြတဲ့ လူမှုကွန်ရက်တွေဟာ အရင်ကတော့လူမှုဆက်ဆံရေး၊ ဆက်သွယ်ရေးအတွက်လို့ဆိုပေမယ့် လက်တွေ့မှာ တော့ နိုင်ငံရေးအစ စီးပွားရေးအဆုံးအကုန်လုံးအတွက် အသုံးပြုနေကြပါတယ်။ ဒီတော့လူမှုကွန်ရက်တွေ ဟာ လူထုအတွင်း ထိုးဖောက်အားလည်းကောင်းတယ်၊ နယ်ပယ်အကုန်လုံးအတွက်လည်းသုံးနိုင်တဲ့အတွက် တချို့သူတွေဟာလူမှုကွန်ရက်ကို မသမာတဲ့နည်းနဲ့ အသုံးချလာနေကြပါတယ်။ လူမှုကွန်ရက်တွေ ရဲ့အားသာချက်ကို အလွဲအသုံးချလာတဲ့ အကျိုးဆက်က သတင်းညစ်ညမ်းမှုတွေများလာပြီး လူထုကိုအဆိပ် အတောက် ဖြစ်စေလျက်ရှိပါတယ်။

သတင်းမှားများ

လူမှုကွန်ရက်တွေဟာလည်း နည်းပညာတိုးတက်သလိုပါပဲ။ ဆိုးကျိုးထက် ကောင်းကျိုးတွေကပိုများ ပါတယ်။ တစ်ဦးချင်းစီရဲ့ အသုံးပြုတဲ့နည်းလမ်းအပေါ်မူတည်ပြီး အကောင်း၊ အဆိုး သက်ရောက်မှု ပမာဏတော့ကွာပါတယ်။ လူမှုကွန်ရက်ကို ထိထိရောက်ရောက် အကျိုးရှိရှိသုံးတဲ့အတွက် အကျိုးရှိနေ တဲ့သူတွေ အမြောက်အမြားရှိနေပေမယ့် လူမှုကွန်ရက်ကို အလွန်အကျွံသုံးတဲ့အတွက် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အလုပ်အကိုင်တွေကို ထိခိုက်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ဒါကတစ်ဦးတစ်ယောက်ချင်းကို ထိခိုက်စေတာပါ။

အများကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးကတော့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းမှားတွေနဲ့လုပ်ကြံ သတင်းတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။ သတင်းအမှားတွေ ဆိုတာကတော့ ရရှိတဲ့အချက်အလက်တွေ မမှန်ကန်တဲ့အတွက် မှားယွင်းတာ၊ ဒါမှမဟုတ် မတိကျတဲ့သတင်းတွေ ဖြစ်ပါတယ်။ ကောလာဟလ သတင်း၊ မဟုတ်တမ်းတရားတွေနဲ့ နောက်ပြောင်မှုတွေဟာ သတင်းမှားတွေဖြစ်ပါတယ်။ လုပ်ကြံ သတင်းဆိုတာကတော့ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးပြီး တမင်တကာ လွဲမှားစေအောင်ရည်ရွယ်တဲ့ သတင်းအမှားတွေပဲဖြစ်ပါတယ်။

လုပ်ကြံသတင်းတွေက ဦးတည်ချက်တစ်ခုအတွက် လှည့်ဖြားတာ၊ ဖြားယောင်းတာနဲ့ ဝါဒဖြန့်လိုတဲ့ ရည်ရွယ်ချက်ဖြစ်လို့ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ လုပ်ကြံသတင်းတွေကြောင့် လူထု ကြားမှာ ကြောက်ရွံ့မှုတွေနဲ့ သံသယတွေပျံ့နှံ့စေပါတယ်။ သတင်းအတု၊ ဝါဒဖြန့်တာနဲ့ လုပ်ကြံသတင်း ဆိုတဲ့ အသုံးအနှုန်းတွေက တစ်ခုနဲ့တစ်ခုလက်ယှက်ထိုးဆက်နွှယ်နေကြပါတယ်။ သတင်းမှားတွေနဲ့ လုပ်ကြံသတင်းမှာလည်း တခြားအမျိုးအစားတွေများစွာ ရှိပါသေးတယ်။

ကြီးမားကျယ်ပြန့်လာမှု

မသမာသူတွေ၊ မသမာတဲ့အဖွဲ့အစည်းတွေဟာ တခြားသူတွေကို အန္တရာယ်ဖြစ်စေဖို့၊ ဒါမှမဟုတ် ကိုယ်ကျိုးအတွက်၊ နိုင်ငံရေးအတွက်နဲ့ ငွေကြေးအကျိုးအမြတ်တစ်ခုခုအတွက် လူထုကိုလိမ်လည် လှည့်ဖြားဖို့ သတင်းအမှား ဒါမှမဟုတ် လုပ်ကြံသတင်းတွေကို ရည်ရွက်ချက်ရှိရှိ ဖန်တီးဖြန့်ဝေနေကြတဲ့ အတွက် လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တခြားဆိုးကျိုးတွေ ကြီးကြီးမားမားသက်ရောက် နေပါတယ်။ ဒါကြောင့်လည်း သတင်းအမှားနဲ့လုပ်ကြံ သတင်းတွေပျံ့နှံ့နေတာကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါလို့ ခေါ်ကြတာပါ။

လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာတွေမှာ အချိန်နဲ့အမျှ သတင်းတွေပျံ့နှံ့တဲ့နှုန်းနဲ့ ပမာဏဟာ အစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းမီဒီယာတွေကို နည်းလမ်းပေါင်းစုံနဲ့ အသုံးချနေကြပါတယ်။ ဒီကနေ့ဖြစ်နေတဲ့ သတင်းတု၊ သတင်းမှားဖြန့်ဝေတာဟာ ရှေးယခင်ကတည်းက ရှိခဲ့တယ်ဆိုပေမယ့် ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူမှုမီဒီယာခေတ်မှာတော့ သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ အရင်ကနဲ့မတူဘဲ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပါတယ်။

နောက်ပြီး အဆင့်မြင့်လာတဲ့ဉာဏ်ရည်တု နည်းပညာကြောင့် သတင်းအမှားနဲ့ လုပ်ကြံသတင်းပုံစံသစ်တွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် သတင်းတုမီဒီယာလို့ခေါ်တဲ့ သတင်းရဲ့မူလအဓိပ္ပာယ်တွေကို ပြောင်းလဲဖို့ ဒါမှမဟုတ် လွဲမှားစေဖို့အတွက် အလို အလျောက်နည်းလမ်းတွေ၊ အထူးသဖြင့် ဉာဏ်ရည်တုတွေနဲ့ အချက်အလက်အတု ထုတ်လုပ်တာ၊ ထိန်းချုပ်တာနဲ့ ပြုပြင်မွမ်းမံတာတွေကို ပြုလုပ်နေကြပါတယ်။ တချို့ သတင်းအတုတွေက ပြဿနာမကြီးမားပေမယ့် လုပ်ကြံသတင်းတွေနဲ့ ဝါဒဖြန့်သတင်းတွေကတော့ သတင်းစားသုံးသူတွေကို ထိခိုက်စေ၊ အန္တရာယ်ဖြစ်စေပါတယ်။ အခုဆိုရင် လုပ်ကြံသတင်းတွေရဲ့ အန္တရာယ်ဟာ နိုင်ငံတကာမှာ စိုးရိမ်ဖွယ်ကိစ္စတစ်ခုဖြစ်နေပါတယ်။

တစ်နေ့တခြား သတင်းအမှားတွေ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတာဟာ လူမှုကွန်ရက်အသုံးပြု တဲ့သူတွေရဲ့ စဉ်းစားဆင်ခြင်မှုအားနည်းတာ ဒါမှမဟုတ် အစွန်းရောက်ယုံကြည်တာတွေကြောင့် သတင်းအမှားတွေပျံ့နှံ့တာလို့ သာမန်အားဖြင့် ယူဆကြပါတယ်။ သတင်းအမှားတွေပျံ့နှံ့ဖို့အတွက် လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အားနည်းချက်တွေရှိသလို တစ်ဖက်မှာလည်း အသုံးပြုသူတွေကို ဆွဲဆောင်နေတာတွေနဲ့ မက်လုံးပေးလှုံ့ဆော်နေတာတွေရှိပါတယ်။ အထက်မှာဆိုခဲ့သလို အဆင့်မြင့်လာတဲ့ အသိဉာဏ်တုတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ဆွဲဆောင်ပေးနေပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာ ဆုချီးမြှင့်မှုအခြေခံတဲ့စနစ်တွေကြောင့် သုံးစွဲသူတွေဟာတခြားသူတွေ အသိအမှတ်ပြုထားကြတဲ့ သတင်းအချက်အလက်တွေကို မျှဝေတဲ့အလေ့အထတွေဖြစ်လာစေတယ်လို့ သုတေသနလေ့လာချက်တွေက ဆိုပါတယ်။

လူမှုကွန်ရက်တွေရဲ့ ဆွဲဆောင်မှု၊ လှုံ့ဆော်မှုနဲ့ မက်လုံးပေးမှုတွေကြောင့် လူမှုကွန်ရက်အသုံးပြုသူ တွေရဲ့ အလေ့အထတွေပြောင်းလဲလာပြီး သတင်းအမှားတွေကို ဖြန့်ဝေစေပါတယ်။ ဒါ့အပြင် စိတ်ဝင်စား စရာကောင်းတာက လူထုထဲသတင်းအမှားတွေ ထိုးဖောက်ဖို့ဘယ်သူတွေက သတင်းအမှားတွေ ဖြန့်ဝေနေကြသလဲ၊ ဘာအကျိုးစီးပွားအတွက်လဲဆိုတာကလည်း သတင်းအမှားဖြန့်ဝေမှုတိုက်ဖျက်ရေးမှာ အရေးကြီးတဲ့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ကြီးတွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာကြီးတွေကို ဘယ်သူတွေက ပိုင်ဆိုင်ပြီးဘယ်သူတွေက ထိန်းချုပ်ထားသလဲဆိုတာကိုကြည့်ရင် ယေဘုယျ ခန့်မှန်းလို့ ရနိုင်ပါတယ်။ သတင်းအမှားဖြန့်ဝေမှုတွေ များပြားလာတာဟာ ယနေ့ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ယှဉ်ပြိုင်မှုတွေနဲ့လည်း ဆက်စပ်နေကြပါတယ်။ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ ကိုယ်ကျိုး စီးပွားတွေအတွက် လူမှုကွန်ရက်နဲ့ အွန်လိုင်းမီဒီယာတွေကို အသုံးချနေပါလိမ့်ဦးမယ်။

ကြီးမားသောထိခိုက်မှု

သတင်းအမှားတွေနဲ့ လုပ်ကြံသတင်းတွေဟာ မမြင်နိုင်တဲ့ လက်သီးပုန်းနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အစဉ်အဆက်အသုံးပြုခဲ့ကြတဲ့ ဝါဒဖြန့်တဲ့နည်းလမ်းတွေထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ အသုံးပြုတဲ့နည်းလမ်း ပုံစံတွေသာကွဲပြားသွားတာပါ။ တချို့သတင်းမှားနဲ့ လုပ်ကြံသတင်းတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ကို ဦးတည်တတ်ပေမယ့် တချို့သတင်းမှားတွေက တော့ မရည်ရွယ်ဘဲပျံ့နှံ့သွားပြီး လူထုကိုဘေး အန္တရာယ်ဖြစ်စေတာတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းအမှားတွေနဲ့လုပ်ကြံသတင်းတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေကို အဆိပ်သင့်စေပြီး လူထုအတွင်း မတည်ငြိမ်မှု၊ မယုံကြည်မှုနဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်စေပါတယ်။ သတင်းအမှားတွေဟာ လူတွေရဲ့ ယုံကြည်ချက်၊ သဘောထားနဲ့ ခံယူချက်တွေကို ပြောင်းလဲစေပြီး နောက်ဆုံးမှာ လူတွေရဲ့အပြုအမူ တွေကိုပါ ပြောင်းလဲသွားစေပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတစ်ဦးဟာ သတင်းတုတစ်ခုကို ယုံကြည် လိုက်ရင် အဲဒီသတင်းကနေ သူ့ရဲ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို အပြောင်းအလဲဖြစ်စေပါတယ်။ အဲဒီလို တစ်ဦးချင်းကနေ လူ့အဖွဲ့အစည်းအထိ ကျယ်ပြန့်လာတဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက လည်း ကြီးမားလှပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ သတင်းညစ်ညမ်းမှုတွေများလာရင် လူတစ်ဦးချင်းစီရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ ဆုံးဖြတ်နိုင်စွမ်းကိုထိခိုက်စေပါတယ်။ အထူးသဖြင့်ကတော့ လူမှုကွန်ရက်တွေပေါ်မှာ အမုန်းစကားနဲ့ ရန်လိုမှုတွေကြီးထွားလာစေပါတယ်။ အဲဒီကတစ်ဆင့် လူမှုရေးအုပ်စုကွဲလာကြပြီး တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ တိုးပွားစေပါတယ်။ သတင်းညစ်ညမ်းမှုတွေများလာရင် လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုထိခိုက်လာနိုင်တာကြောင့် ရေရှည်မှာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်တွေ ဖိတ်ခေါ်လာမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်မှာ လူအများစုဟာ ဆိုရှယ်မီဒီယာသတင်းတွေအပေါ် အားကိုးနေကြတာကြောင့် လူ့အဖွဲ့အစည်းအပေါ် သတင်းညစ်ညမ်းမှုရဲ့ သက်ရောက်မှုတွေအကြောင်း သိထားသင့်ပါတယ်။ ဒါမှ ဆောင်နိုင်၊ ရှောင်နိုင်ပါလိမ့်မယ်။ အလေးထားသင့်တာက မျိုးဆက်သစ်လူငယ်အများစုဟာ သူတို့လိုအပ်တဲ့ အသိပညာရှာဖွေမှု၊ သတင်းအချက်အလက်ရှာဖွေမှုနဲ့ အပန်းဖြေမှုအတွက် ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက်ကို အချိန်အတော်များများအသုံးပြုနေကြတာမို့ သတင်းမှား၊ လုပ်ကြံသတင်းနဲ့ ဝါဒဖြန့်တာတွေရဲ့ ထိခိုက်နိုင်ခြေပိုများနေပါတယ်။

သတိနှင့်ဆင်ခြင်

လူမှုကွန်ရက်၊ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေဟာ လူသားတွေကို ကြီးကြီးမားမားအကျိုးပြုတာ အားလုံးအသိပါပဲ။ နောင်လည်းမရှိမဖြစ် ဆက်လက်လိုအပ်နေဦးမှာပါ။ ကိုယ်အသုံးချနိုင်ရင် အသုံးချနိုင် သလောက် အကျိုးဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သတင်း ညစ်ညမ်းမှုတွေ တဖြည်းဖြည်းနဲ့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုသဖွယ်တဖြည်းဖြည်းကူးစက်လာနေပါတယ်။ ဒီတော့ လူမှုကွန်ရက်တွေနဲ့ ဒစ်ဂျစ်တယ်မီဒီယာတွေကို အန္တရာယ်မရှိအောင် အသုံးပြုနိုင်ဖို့လိုပါတယ်။ အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ဖို့ဆိုရင် ဒစ်ဂျစ်တယ် နည်းပညာနယ်ပယ်မှာလူမှုကွန်ရက်တွေနဲ့ မီဒီယာတွေ ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုတာ သိထားဖို့ပါပဲ။

သူတို့ရဲ့ အလုပ်လုပ်ပုံကို သိထားရင်သတင်းမှားတွေကို ရှောင်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကာယကံရှင်ဖြစ်တဲ့ သုံးစွဲသူကိုယ်တိုင် သတိနဲ့ဆင်ခြင် အသုံးပြုဖို့ဖြစ်ပါတယ်။ နည်းပညာတွေမြင့်လာတဲ့ အတွက် လူသားတွေဟာ အဲဒီနည်းပညာတွေကို ပိုပြီးအားကိုးလာရတာ မှန်ပေမယ့် အမှား/အမှန် ချင့်ချိန်စဉ်းစားနိုင်စွမ်းနဲ့ လိုက်လျောညီထွေဆုံးဖြတ် နိုင်စွမ်းတွေကိုတော့ လူသားတွေက ပိုင်ဆိုင်ထားတာ ဖြစ်လို့ ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ ကာကွယ်ကြရမှာဖြစ်ပါတယ်။ ။

ကိုးကား

၁။ The Importance of Technology in Our Daily Life - How Has Technology Changed Our Lives? https://www.scientificworldinfo.com/2019/11/importance-of-technology-in-our-daily-life.html

၂။ Rise of disinformation a symptom of ‘global diseases’ undermining public trust: Bachelet, https://news.un.org/en/story/2022/06/1121572

၃။ USC study reveals the key reason why fake news spreads on social media, JANUARY 17, 2023 https://news.usc.edu/204782/usc-study-reveals-the-key-reason-why-fake-news-spreads-on-social-media/

၄။ https://www.weforum.org/agenda/2022/09/tackling-disinformation-agenda-dialogues/

No comments:

Post a Comment