Tuesday, February 28, 2023

လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၈

လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်ပြီး လူမှုရေးပညာ ဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာဘာသာရပ် ပထမနှစ် သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လူမှုရေးပညာဘွဲ့(Bachelor of Social Work) ပေးအပ် သွားမည်ဖြစ်သည့်အတွက် အဓိကကျသော ပထမနှစ် သင်ရိုးညွှန်းတမ်း အတည်ပြုသတ်မှတ် ပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူမှုရေးပညာဘွဲ့ ဖွင့်လှစ်သင်ကြားပေးနိုင် ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုရေးဝန်ဆောင်မှုများ ထိရောက် စွာဆောင်ရွက်နိုင်ရေး လိုအပ်ချက် (Demand Side) အတွက်နှင့် ပညာရေးစနစ်မှ လူမှုရေး ပညာရပ် ကျွမ်းကျင်လူသားရင်းမြစ်များ ဖြည့်တင်းမွေးထုတ်ပေးနိုင်ရေး (Supply Side) အတွက် ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ပြီးပါက Naypyitaw State Academy တွင် လူမှုရေးပညာဘွဲ့ စတင်ပေးအပ်သွားနိုင်မည်ဖြစ်ပြီး လူမှုဝန်ထမ်း လုပ်ငန်း စိတ်ပါဝင်စားသူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း။

လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနမှဝန်ထမ်း ၁၉ ဦး ကို အိန္ဒိယနိုင်ငံရှိ Tata Institute of Social Sciences တွင် လူမှုရေးပညာ မဟာဘွဲ့ရယူရန် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ ပညာသင်စေလွှတ်ခဲ့ကြောင်း၊ သင်ရိုးညွှန်းတမ်းမူကြမ်းကို Tata Institute of Social Sciences မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက Technical Advisor အဖြစ်လာရောက်ပြီး အကြုံပြုသုံးသပ်ပေးခြင်းနှင့် လိုအပ်သည့်သင်တန်းများ ပို့ချပေးနိုင်ရေး အတွက် အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပညာရှင်များ၊ ပြင်ပလူမှုရေးပညာရှင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ Core Team အဖွဲ့ဝင်များက သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်ပြီး လိုအပ်မည့်အချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေး တင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment