နေပြည်တော် ဇန်နဝါရီ ၂၈
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား များကကျေးရွာ၏ အရှေ့ဘက်နှင့်တောင်ဘက်တို့မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်သမားများ ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအားဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ အဆိုပါအကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် နေအိမ်အလုံး ၈၀ မီးကူးစက် လောင်ကျွမ်းပျက်စီးခဲ့ရပြီး ဆင်ခြင်တုံတရားမဲ့စွာ ကျေးရွာအတွင်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိဘုန်းတော်ကြီး တစ်ပါးပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦးသေဆုံးခဲ့ကာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment