Thursday, January 26, 2023

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း “လားဟူ”တိုင်းရင်းသားများ၏ (၂၈)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲသို့ တက်ရောက်

 

မိုင်းဆတ် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်မြို့ ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူရိုးရာယဉ်ကျေးမှုကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် “လားဟူ”တိုင်းရင်းသားများ၏ (၂၈)ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲ အခမ်း အနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။




ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လားဟူ လူမျိုးများသည် ဘီစီ-၁၂ ရာစုခန့်တွင် တိဘက်-မြန်မာအနွယ်ဝင် “လိုလို” ဟူသော လူမျိုးစုမှ စတင် ပေါ်ပေါက်လာသော လူမျိုးစုဖြစ်ကြောင်း တရုတ် သုတေသနသမိုင်းပညာရှင်များ လေ့လာချက်အရ သိရှိရကြောင်း၊ လားဟူလူမျိုးအများစုမှာ တရုတ်နိုင်ငံ ပီကင်း၊ နန်းကင်း၊ ဒေသများတွင် နေထိုင်ကြသည်ဟု သိရပြီး တရုတ်နိုင်ငံအနောက်ပိုင်း ဂျန်ဆုပြည်နယ်တွင် အများဆုံးနေထိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊  နောက်ပိုင်းတွင် “ရေကြည်ရာ၊ မြက်နုရာ” ရှာဖွေရင်း အရှေ့ဘက် မြန်မာနိုင်ငံ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများသို့ အသီးသီး ပြောင်းရွှေ့နေထိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်းဒေသ၊ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အများဆုံးနေထိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ လားဟူလူမျိုးစုများသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများ ရှိသည်ကိုတွေ့ရကြောင်း၊ နှစ်စဉ် ထင်းရှူးပင် အညွှန့်ထွက်ချိန်၊ ချယ်ရီပင်၊ မက်မွန်ပင်များပွင့်ချိန် ဇန်နဝါရီလကုန်(သို့မဟုတ်) ဖေဖော်ဝါရီလဆန်းတွင် အများဆုံး နှစ်သစ်ကူးပွဲတော် သတ်မှတ်ပြုလုပ်လေ့ရှိကြောင်း၊ ၁၉၇၀ ပြည့်နှစ်တွင် ကျိုင်းတုံမြို့၌ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ထိတိုင် ကျင်းပလာခဲ့ပါကြောင်း၊ အစဉ်အလာကြီးမားသည့် လူမျိုးစုဖြစ်သည်ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူမိပါကြောင်း၊ လားဟူတိုင်းရင်းသားများသည် ယခင်တောင်ပေါ်ဒေသများတွင် နေထိုင်ကြီးပြင်းလာကြသော်လည်း ယခုအခါ ပညာတတ်လူငယ်များ များစွာပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့်အတွက် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုးစကားအတိုင်း လားဟူတိုင်းရင်းသားလူမျိုးများ၏ မြင့်မားတိုးတက် လာသည့် ဘဝကို ဂုဏ်ယူမိပါကြောင်း၊ နှစ်သစ်ကူးပွဲတော်သို့ ရောက်ရှိလာကြသည့် တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမအပေါင်း နှစ်တစ်နှစ်၏ အစမှ စ၍ အေးချမ်းသာယာသောဘဝ၊ ငြိမ်းချမ်းသော ဘဝတွေကို ရရှိကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သိက္ခာတော်ရဆရာတော်ဦးကျရှောက နှစ်သစ်ကူးသမိုင်းကျဉ်းကို ရှင်းလင်းပြောကြား ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ချီးမြှင့်ပေးအပ်ရာ လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဖိုးရှောက လက်ခံရယူခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ၂၀၂၀- ၂၀၂၁ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် မိုင်းဆတ်မြို့မှ ကျောင်းသား၊ ကျောင်းသူ(၃၄)ဦးနှင့် မိုင်းတုံမြို့မှ ကျောင်းသား၊ ကျောင်းသူ(၂၃)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်ရာ ကျောင်းသူ(၂)ဦးက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် လားဟူရိုးရာဓလေ့ထုံးတမ်းအစဉ်အလာဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာခံယူကြပြီး တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့များက လားဟူ၊ ရှမ်း၊ အာခါ၊ လီဆူး အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)

No comments:

Post a Comment