နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟူသည် ထိုနိုင်ငံတွင် အရင်းအနှီးများ စုဆောင်းထားနိုင်ခြင်း၊ ရေမြေသယံဇာတများပိုင်ဆိုင်ခြင်း၊ သဘာဝတွင်းထွက်များရှိခြင်း စသည် တို့နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ထိုနိုင်ငံတွင် ပိုမို၍ ကောင်းမွန်သောလူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းမှုများရှိခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးအဆင့်များကို တိုးမြှင့်ပေးနိုင်ခြင်း၊ ပြည်သူလူထုအား ရည်ရွယ်ချက်မြင့်မားအောင် လှုံ့ဆော်ပေးနိုင်ခြင်းတို့လည်း လိုအပ်သည်ဟု ပညာရှင်များက ဆိုသည်။
ယနေ့ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအရေအတွက်ထက် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲနွမ်းပါးသည့် နိုင်ငံအရေအတွက်က ပို၍များနေသည်။ ကမ္ဘာ့နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာခြားကြရခြင်းတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကာယ၊ ဉာဏ၊ ဇွဲလုံ့လဝီရိယ စသည့်အရည်အချင်းများ ကွာခြားခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များရှိသလို လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား ဓလေ့ထုံးတမ်းယဉ်ကျေးမှု၊ တွေးခေါ်မြော်မြင်မှု၊ ဘဝအပေါ်ခံယူချက် စသည့်ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ မတူညီ ခြင်းကြောင့်ဖြစ်သည်ဟူသော ယူဆချက်များလည်းရှိသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDCs) ၄၆ နိုင်ငံရှိရာ အာဖရိကမှ ၃၃ နိုင်ငံ၊ အာရှမှ မြန်မာနိုင်ငံအပါအဝင် ကိုးနိုင်ငံ၊ ကာရစ်ဘီယံဒေသမှ တစ်နိုင်ငံနှင့် ပစိဖိတ်ဒေသမှ သုံးနိုင်ငံတို့ပါဝင်သည်။ မိမိတို့နိုင်ငံသည် ကိုလိုနီနိုင်ငံဘဝ နှစ်ပေါင်းရာကျော်ကျရောက်ခဲ့ရပြီး ဒုတိယ ကမ္ဘာစစ်ကာလတွင်လည်း စစ်ဒဏ်ကို နှစ်ကြိမ်ခံခဲ့ရ၍ နိုင်ငံ့စီးပွားအရင်းအမြစ်များ ပြာပုံဘဝ ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခဝဲဩဃထဲသို့ ရောက်ရှိသွားခဲ့ပြီး ဆိုရှယ်လစ်နိုင်ငံထူထောင်မှုတွင် စီမံခန့်ခွဲမှုအားနည်းချက်များနှင့် စီမံကိန်းချစီးပွားရေးစနစ်မအောင်မြင်မှုများ ကြုံတွေ့ရကာ LDC နိုင်ငံဘဝသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။
သုတေသီများ၏ အဆိုအမိန့်များအရ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို အဆုံးအဖြတ်ပေးနိုင်သော အကြောင်းအရာသည် ပြည်တွင်း အင်အားပင်ဖြစ်သည်။ ပြည်တွင်း၌ရှိနေသော ဓနငွေကြေး၊ ရုပ်ဝတ္ထုနှင့် လူ့စွမ်းအားတို့ကို မှန်မှန်ကန်ကန်အသုံးချ၍ နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းသည့် အမျိုးသားရေးအားမာန် လိုအပ်သကဲ့သို့ ယင်းအားမာန်ကို လက်တွေ့စွမ်းဆောင်မှုအဖြစ် ပြောင်းလဲပေးနိုင်သည့် အရည်အသွေးနှင့် အရည်အချင်းတို့ ခေါင်းဆောင်တွင်ရော ပြည်သူတွင်ပါ နှစ်ဖက်စလုံးမှာ ရှိနေရမည်ဟုအဆိုရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကိုရေးဆွဲပြီး ယင်းတို့ကိုပြည်သူလူထုက ဘဝင်ကျကျနားလည် လက်ခံလာသည်အထိ ရှင်းလင်းပြကြရန်နှင့် ပြည်သူလူထုက နက်နဲသောအသိအမြင်ဖြင့် ခံယူလာကာ တစ်စုံတစ်ရာနှိုးဆော်မှုမပါဘဲ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည်ဟုလည်း ဆိုထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်တို့ကို အတိအလင်းချပြကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်သူလူထုတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်သည်နှင့်အမျှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုတို့ အလျင်အမြန်ရရှိနိုင်ပါမည့်အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
No comments:
Post a Comment