Monday, December 5, 2022

ပြည်ထောင်စုစိတ်ဓာတ်ဖြင့်အတူလက်တွဲ

 


မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုးကို ဖော်ဆောင်ခဲ့ရာ အကြောင်းအမျိုးမျိုးဖြင့် ရေရှည်တည်တံ့သည့် နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ခြင်းမရှိသေးပေ။ ခေါင်းဆောင်များနှင့် ပြည်သူများမှာ မြန်မာနိုင်ငံနှင့်ဆီလျော်သည့် ဒီမိုကရေစီစနစ်ကို မျှော်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးသင့်သည့် နိုင်ငံရေးစနစ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“(၇၅)နှစ်တာကာလအတွင်းတွင်လည်း နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်တစ်ခုတည်းနှင့် မပြည့်စုံဘဲ တိုင်းရင်းသားအားလုံးပေါင်းစည်းနေထိုင်ပြီး အခွင့်အရေး မျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော် ဆုံးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် နိုင်ငံရေးစနစ်ကို တိုင်းရင်းသားပြည်သူအားလုံးက နားလည်လက်ခံထားကြသည်။

တိုင်းရင်းသားပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းလာရန်အတွက် တပ်မတော်သည် လမ်းခင်းပုံဖော်ကာ ခိုင်ခိုင်မာမာတည်ဆောက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သည့်အခါ အချို့နိုင်ငံရေးကိစ္စများ၌ အစိုးရနှင့် တပ်မတော် အကြား သဘောထားမတိုက်ဆိုင်သည်များရှိခဲ့သော်လည်း တိုင်းပြည်တိုးတက်ရေးအတွက်၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် တပ်မတော်သည် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့သောပြဿနာများ၊ စိန်ခေါ်မှုများရှိသော်လည်း တပ်မတော်အနေဖြင့် ပြည်သူများ၏ သဘောထား၊ ရည်မှန်းချက်အပျောက်မခံဘဲ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုသူများအား ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမျိုးများ၊ လူမျိုးစုများအား စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ပြဋ္ဌာန်းခွင့်များရရှိမည်ဖြစ်သည်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်တာဝန် ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလိုအပ်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာသည့်ရလဒ်များအရ လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက်ကာ နိုင်ငံတော်ယန္တရားလည်ပတ်ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ တိုင်းပြည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်ပေးနေခြင်းဖြစ်သည်။ စစ်မှန်ပြီးတရားမျှတသည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသူများ ဝင်ရောက်အရွေးချယ်ခံနိုင်မည့် အကြားအလပ်မရှိ ရွေးကောက်ပွဲများ ကျင်းပပေးရန်လိုအပ်သည်။

တစ်နိုင်ငံလုံးအကြားအလပ်မရှိ ပြည်သူအားလုံးပါဝင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ မငြိမ်းချမ်းသောဒေသများတွင် ရွေးကောက်ပွဲများပြုလုပ်ရန် မလွယ်ကူသဖြင့် ပြည်သူများဆန္ဒ အပြည့်အဝရရှိမည်မဟုတ်ပေ။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ် ချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ငြိမ်းချမ်းရေးတွင်လက်တွဲပါဝင်ရန် နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ 

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment