နေပြည်တော် ဒီဇင်ဘာ ၅
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပူးတွဲကော်မရှင်ဥက္ကဋ္ဌများ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ဦးဆောင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည်။ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E Mr. Maxim Reshetnikov တို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကော်မရှင်အစည်းအဝေးတွင် ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်း ခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ကဏ္ဍများတွင် နှစ်ဖက်သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တတိယအကြိမ်ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဆက်လက်၍ စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်း (၇) ခုတို့ကို မြန်မာဘက်နှင့် ရုရှားဘက်တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ် ခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့က ဦးဆောင်၍ ရုရှား-မြန်မာ စီပွားရေးဖိုရမ် မျက်နှာစုံညီအစည်း အဝေးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များဖြင့် ကျင်းပခဲ့ကြသည်။
အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်သည် ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ယနေ့အခမ်း အနားတွင်လည်း နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (MOU) များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက် ကောင်းများအဖြစ် ပူးပေါင်းဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်ခဲ့ပါကြောင်း၊ ယခု ရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရရှိနိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ကောင်းစွာနားလည် ရှုမြင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
အဆိုပါ စီးပွားရေးဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေး ပြောကြားသူ (panelist) များအဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးကိုယ်စားလှယ် ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ထို့နောက် တတိယအကြိမ် ရုရှား-မြန်မာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင် ကိုယ်စား လှယ်များနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသည် မွန်းလွဲပိုင်း ဒုတိယအစီအစဉ်အဖြစ် စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် ဓာတ်သတ္တုလုပ်ငန်းကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဒီဂျစ်တယ် နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍစသည့် ကဏ္ဍ(၆)ခုနှင့်စပ်လျဉ်း၍ တစ်ပြိုင်နက်တည်း ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲများတွင် တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်း ဆွေးနွေးပွဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ကကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းရုရှားကုမ္ပဏီ ၁၀၀ ကျော်နှင့် မြန်မာကုမ္ပဏီ ၂၀၀ ခန့်တို့ တက်ရောက်ခဲ့ကြကာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် စီးပွားရေးအခွင့်အလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စကားဝိုင်းဆွေး နွေးပွဲများ၏ ရလဒ်များအရ ရုရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီတို့အကြား လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများရှိခဲ့ပြီး မြန်မာ့စီးပွားရေးအတွက် အကျိုးကျေးဇူး များ ဖော်ဆောင်ဖြစ်ထွန်းလာ စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment