ပဲခူး ဒီဇင်ဘာ ၅
မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ကိုယ်စားလှယ်မှ Recorded Video ဖြင့် အမှာစကား ပြောကြားခဲ့သည်။၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇေယျာထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က မဲခေါင်-လန်ချန်းနိုင်ငံ များအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းအား မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ရာ ရွာသစ်ကျေးရွာ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ရွာသစ်ကျေးရွာ၌ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖွင့်လှစ်ထားပေးထားသည့် အခြေခံအပ်ချုပ်စက်သင်တန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၏ ဒေသထွက်ကုန်များဖြစ်သော သံရည်ကျို လုပ်ငန်းမှ ထွက်ရှိသည့် စားဖိုဆောင်သုံးပစ္စည်းများ၊ စက်မှုလယ်ယာလုပ်ငန်းသုံး အပိုပစ္စည်းများ၊ အိမ်အလှဆင် သံပန်းပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုး၊ ဈေးဆိုင်သုံးပစ္စည်းအမျိုးမျိုး၊ ခြံထွက်သီးနှံ အမျိုးမျိုးနှင့် ငှက်ပျောပင်မှ ထွက်ရှိသည့် ချည်မျှင်ဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)
No comments:
Post a Comment