နေပြည်တော် ဒီဇင်ဘာ ၅
တတိယအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးများ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရုရှား - မြန်မာ ဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆက်စပ်အစည်းအဝေးများကို အစီအစဉ်သုံးခုဖြင့် ဆောင်ရွက် ခဲ့ရာ အစီအစဉ် (၁) အရ ကျင်းပသည့် “ဘဏ်အချင်းချင်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အလားအလာ” (On prospects for interbank cooperation) နှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Mr. Alexey Guznov နှင့် ရုရှားနိုင်ငံ၏ အမျိုးသား ငွေပေးချေမှုကတ် ကုမ္ပဏီမှဥက္ကဋ္ဌ Mr. Vladimir Komlev တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ ယင်း ဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြန်လည်သုံးသပ်ဆွေးနွေးသည်။
အစီအစဉ် (၂) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understan-ding on bilateral cooperation between the Bank of Russia and the Central Bank of the Republic of the Union of Myanmar) ကို နှစ်နိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက လက်မှတ်ရေးထိုးသည်။
အစီအစဉ် (၃) အရ နှစ်နိုင်ငံ ဗဟိုဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ (Round-table “Banks and Finance”) တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Mr. Alexey Guznov တို့က အမှာစကားများ ပြောကြားကြပြီး နှစ်နိုင်ငံဗဟိုဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများက ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်
No comments:
Post a Comment