Tuesday, December 6, 2022

မြစ်ဧရာနှင့် ဗော်လဂါတို့ စီးဆင်းသရွေ့


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို အကောင်အထည်ဖော်သည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို နေပြည်တော်၌ကျင်းပခဲ့ရာ နှစ်နိုင်ငံအတွက် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့သည်။

ရုရှားအရှေ့ဖျားဒေသကို အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ် နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ်အသုံးချ၍ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေးပေါင်းစည်းနိုင်မှုအထိ ဦးတည် ဆောင်ရွက်သွားရန် ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အစပြုဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာမှာ အရှေ့ဖျား စီးပွားရေးဖိုရမ်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပသည့် အဆိုပါဖိုရမ်က ရုရှားအရှေ့ဖျားဒေသနှင့် အာရှ-ပစိဖိတ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ရာတွင် “မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် အခြားသော ရေနံထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုမို တိုးမြှင့်နိုင်မည်ဆိုပါက မိမိတို့နှစ်နိုင်ငံအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အဆိုပါ ဖိုရမ်သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအားလည်း မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့် အခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရော်ဘာ အခြေခံစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများ၊ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်သည် ရုရှား - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် ရုရှား-မြန်မာ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများဖြင့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သော နှစ်ဖြစ်သည်။ နှစ်နိုင်ငံအကြား ခရီးတာအားဖြင့် ဝေးကွာသော်ငြားလည်း ရင်းနှီးနွေးထွေးသော မိတ်ကောင်းဆွေမွန်ဆက်ဆံရေးကို မြှင့်တင်ထားနိုင်ပြီဖြစ်သကဲ့သို့ စီးပွားရေးမိတ်ဖက် ကောင်းများအဖြစ် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားများ ဖော်ဆောင်ဖြစ်ထွန်းလာမည်ဖြစ်ရာ မြစ်ဧရာနှင့် ဗော်လဂါတို့စီးဆင်းသရွေ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် ခိုင်မြဲမည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment