ယခုအခါ ဒီဇင်ဘာလအားကစားလှုပ်ရှားမှုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ မြို့နယ် အသီးသီးတို့၌ အများပြည်သူရုံးပိတ်ရက်ကာလများတွင် နံနက်စောစော ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေပြီး စိတ်နှလုံးရွှင်လန်းစေသည့် စုပေါင်းလမ်းလျှောက်ပွဲများကို ကြိုဆိုလိုက်ရပါသည်။
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာပါက အရာရာကို စိတ်က ဦးဆောင်စွမ်းနိုင်သလောက် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ မကျန်းမာပါက ကိုယ်စိတ် နှစ်ပါးနွမ်းနယ်နေပြီး ရောဂါအမျိုးမျိုးတို့ စွဲကပ်လာကာ ငွေကုန်ကြေးကျများသဖြင့် ကိုယ်စိတ်နှစ်ပါးဆင်းရဲစေမည်ဖြစ်သည်။ ပြည်သူများ ကိုယ်စီကျန်းမာကြံ့ခိုင် ကြပါက မိမိတို့ကိုယ်တိုင်နှင့် မိမိတို့မိသားစုဘဝများ ရွှင်လန်းချမ်းမြေ့စေပြီး လူမှုစီးပွား အလုပ်အကိုင်များကိုပါ တက်ကြွလန်းဆန်းစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ကျန်းမာခြင်း၏ အကျိုးကျေးဇူးများကို မကျန်းမာသောအခါ၌ ပိုမိုသိရှိနားလည်လာသဖြင့် ကျန်းမာရေးအတွက် ငွေကုန်ကြေးကျမရှိသော ကိုယ်လက်လှုပ်ရှားအားကစားနည်း တစ်မျိုးမျိုးကို ပြုလုပ်ကြရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော လူမှုရေးဦးတည်ချက်များတွင် နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်ကိုရှေးရှု၍ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး” ဦးတည်ချက်ကို ထည့်သွင်းချမှတ်ထားသည်။ နိုင်ငံတော်က ချမှတ်ထားသော ဦးတည်ချက်နှင့်အညီ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာအားကစားမြင့်မားတိုးတက်လာရေးအတွက် ကြိုးပမ်းအားထုတ်မည်ဆိုပါက အားကစား လှုပ်ရှားမှုများကို အခြေခံအဆင့်မှစတင်၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားလုပ်ကိုင်ကြရမည်ဖြစ်သည်။ ယခုအခါ မြန်မာ့အားကစား မြင့်မားတိုးတက်လာရေးအတွက် မြို့နယ်မှသည် ခရိုင်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်လှုပ်ရှား ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် အမျိုးသားအားကစား တစ်ခေတ်ဆန်းသစ် မြင့်မားလာရန် အတွက် အခြေခံမှစ၍ အားကစားလှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုရှိလာရန် အသိပညာပေးပြီး လူငယ်လူရွယ် များ စိတ်ဝင်စားရာ အားကစားနည်းတစ်မျိုးမျိုးကို လိုက်စားနိုင်ရန် ကူညီဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် လူငယ်လူရွယ်များအတွက် အားကစားမှတစ်ဆင့် ဘဝအဆင့်မြင့်မားလာရန် အခွင့်အလမ်းကောင်းများ ရရှိနေသောအခါဖြစ်သည်။ နိုင်ငံတော်အစိုးရက အားကစားကဏ္ဍကို မြင့်မား တိုးတက်လာအောင် အထူးတလည်အားပေးမြှင့်တင်ပေးနေပြီး မြို့နယ်အသီးသီးမှ မျိုးဆက်သစ်လက်ရွေးစင် အားကစားသမားများကို ထုတ်ဖော်ပေးလျက်ရှိရာ အားကစားသမားများနှင့် နိုင်ငံတော်အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အခြေအနေတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာ့အားကစားလောက ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီး ပြည်တွင်း၌ သာမက နိုင်ငံတကာ၌ပါ အောင်မြင်မှုများရရှိနေပြီဖြစ်သည်။
ယခုအခါတွင် အသက်အရွယ်မျိုးစုံ ပါဝင်လှုပ်ရှားနိုင်သည့် ဒီဇင်ဘာအားကစား လလူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲများကို မြို့နယ်အသီးသီးတွင် အပတ်စဉ်ပြုလုပ် နေပြီဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် တက်ကြွစွာပါဝင်ဆင်နွှဲနိုင်ရန် ကြိုဆိုဖိတ်ခေါ်ကြရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် ယခင်ခေတ် ကာလများနှင့်မတူ လူမှုဘဝပုံစံများ ပြောင်းလဲလာသည်ကိုတွေ့ရမည်ဖြစ်သည်။ အသက်အရွယ်မျိုးစုံ နိစ္စဓူဝရုန်းကန်လှုပ်ရှား နေကြရသည်။ တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်အရ အားလပ်ချိန်များ တွင်လည်း ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများနှင့် အွန်လိုင်းပေါ်တွင် အချိန်ကုန်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာသဖြင့် အသက်အရွယ်မရွေး ရောဂါအမျိုးမျိုး ထူပြောလာသည်ကို တွေ့ရမည်ဖြစ်သည်။
အဝလွန်ခြင်း၊ သွေးလေမလျှောက်ခြင်းများ အဖြစ်များလာရာမှ ရောဂါတစ်မျိုး မဟုတ်တစ်မျိုး ရှိလာကြသည်။ ထို့အပြင် လူ့အသိုက်အဝန်းများကြားတွင် နေထိုင်မှုပုံစံအသစ်အရ ပြည်သူအများစုသည် အသင့်သုံးစွဲနိုင်သော အစားအစာများ စားသုံးလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့သော အခြေအနေများသည် ကျန်းမာ ရေးနှင့်ညီညွတ်ခြင်းမရှိဘဲ ကျန်းမာရေးချို့ယွင်းမှု အခြေအနေအမျိုးမျိုးဖြစ်ပေါ်လာသည်။ ထိုအခြေအနေတို့ကို ကုစားနိုင်ရန်အတွက် နည်းကောင်းတစ်လက်သည် အချိန်မှန်မှန် ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုး ပြုလုပ်ခြင်းနှင့် နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းသည် ဆေးကောင်းတစ်လက်ဖြစ်သည်ကို တွေ့လာရသည်
သို့ဖြစ်ရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားကဏ္ဍ မြင့်မား တိုးတက်လာရန်အတွက် အားကစားလိုက်စားခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို ပြည်သူအားလုံး ပါဝင်လှုပ်ရှား လုပ်ကိုင်လာကြရန် နှိုးဆော်အသိပေးလုပ်ကိုင်နေကြရမည်ဖြစ်သည်။ ဒီဇင်ဘာအားကစားလ အားကစား ပြိုင်ပွဲများနှင့် လူထုလှုပ်ရှား စုပေါင်းလမ်းလျှောက်ပွဲများကို အားပေးကြပြီး ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
No comments:
Post a Comment