နေပြည်တော် ဒီဇင်ဘာ ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်း (၂) စီမံချက် ဆောင်ရွက်မှုနှင့် လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၉၅ ရာခိုင်နှုန်းကျော် ပြီးစီး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံအတွင်းမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ၎င်းတို့၏နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင် ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် သတ်မှတ်ကာ ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လတာကာလအတွင်း လူဦးရေ ၃ ဒသမ ၄ သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးရန် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကာလအတွင်း နယ်မြေဒေသ အခြေအနေအရ ကွင်းဆင်းဆောင်ရွက်ပေးရန် အခက်အခဲရှိသည့် “ဝ” အထူးဒေသအတွင်းရှိ မြို့နယ်များအပါအဝင် မြို့နယ်အချို့တွင်သာ လျာထားချက်ပြည့်မီရန် အနည်းငယ်ကျန်ရှိနေပြီး စုစုပေါင်းလျာထားချက်၏ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လျာထားချက်ပြည့်မီရန် ကျန်ရှိ သည့်မြို့နယ်များ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံး ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ အသက် ၁၈ နှစ်ပြည့်လာ မည့်သူများအတွက် ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ် ၍ ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းပန်းခင်း(၂)စီမံချက်သည်လည်း နိုင်ငံတော်အဆင့် စီမံချက်တစ်ခုဖြစ်ပြီး ယင်းကာလ အတွင်း လူဦးရေ ၁ ဒသမ ၇ သန်း ကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိရာ ယခုအခါ “ဝ”အထူးဒေသအတွင်း နိုင်ငံသားကတ် စိစစ်ထုတ်ပေးခြင်း လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကြီးမားကျယ်ပြန့်
ထို့ပြင် မိမိတို့ဌာန၏ မြို့နယ်ရုံး အသီးသီးရှိ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)နှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ ၆၆/၆)ပါ အချက်အလက်များအား e-ID software အတွင်း ဖြည့်သွင်းကာ ရုံးချုပ် server သို့ ပေးပို့စိစစ်၍ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းအပိုကိုင်ဆောင်မှုအတွက် ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြု ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားဆောင်ရွက်ရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မိဘပြည်သူများသို့ အသိပေး ကြေညာချက် ထုတ်ပြန်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ကာ အချိန်တိုအတွင်း အပြီးဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်သဖွယ် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး (working group) အဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး(working group)ဆိုင်ရာ သင်တန်းစီမံချက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က သင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံချက် အဆင့်(၁)နှင့် အဆင့်(၂)ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (working group) အဖွဲ့များ၏ သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment