Thursday, November 3, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်နှင့်‌ ရွှေဆိုင်များအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာလ ၃

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင် ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။















သို့ဖြစ်၍ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင် သတင်းပေး ဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဓားပြတိုက်လုယက်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ အေးသီတာဝင်းအား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့သည်။

တရားခံအေးသီတာဝင်း၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် နိုင်လင်းအား ဒလမြို့နယ်၊ နှုတ်ခမ်းမွှေး သမ္ဗာန်ဆိပ်ရှိ ရေယာဉ်ပေါ်၌လည်းကောင်း၊ ထက်လင်းဦး(ခ) ကိုထက်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သင်္ဘောကျင်း(၈)လမ်းရှိ နေအိမ်၌ Luger ပစ္စတို ၁ လက်၊ SIGSAUER ပစ္စတို ၁ လက်၊ KUZEY ပစ္စတို ၂ လက်၊ ZORAKI ပစ္စတို ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်မျိုးစုံ ၇၃ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ အသံတိတ်ပြောင်း ၁ ခုနှင့် လည်းကောင်း၊ ဟိန်းထက်(ခ) အငယ်ကောင်အား ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ မဉ္ဇူလမ်း၌ လည်းကောင်း၊ ထူးထက်အောင်အား တာမွေမြို့နယ်၊ တာမွေကြီး(က/ဂ)ရပ်ကွက်၊ ၁၅၆ လမ်း၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

တရားခံ ထူးထက်အောင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၉ ရက် နေ့လည်ပိုင်းတွင် အောင်ကျော်ထက်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်၊ ယုဇန(၄)လမ်း၌ SIGSAUER ပစ္စတို ၁လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၈ တောင့်နှင့်လည်းကောင်း၊ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် တင်အောင်လွင်(ခ) သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင်နှင့် ရွှေသဉ္ဇာဦးတို့ ၄ ဦးအား လှည်းကူးမြို့၊ အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

တရားခံ ကျော်ဇင်ထူး(ခ)ရန်ပိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ထက်အောင်လင်းအား ဒလမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အောင်ဇေယျ (၆)လမ်းရှိ နေအိမ်၌ ၉ မမ ကျည် ၂ တောင့်နှင့်လည်းကောင်း၊ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် မင်းမင်းဦး(ခ) ကျော်ဦး(ခ) ဝေလွင်ဦးအား ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ လမ်းသွယ်(၁)လမ်း၌ လည်းကောင်း၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမနှင့် သက်ဝါဦး(ခ) တုတ်တုတ်တို့ ၂ ဦးအား ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ-တွံတေးသွား ကားလမ်းဘေး၌လည်းကောင်း၊ ကျော်မျိုးအောင်အား ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းရှိ နေအိမ်၌လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် ဇင်မိုးဦး၊ တင်ဇော်သိန်း(ခ) ဂန္ဓီနှင့် အောင်ဇော်မျိုးတို့ ၃ ဦးအား ဒလမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်၌ လည်းကောင်း၊ ဇော်ဝင်းအောင်(ခ) စိန်ကုလားအား ဒလမြို့နယ်၊ စက်မြေရပ်ကွက်၊ ဆရာစံလမ်း၊ အိမ်အမှတ်(၆၄)၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ဖမ်းဆီးရန်ကျန် တရားခံကြည်လွင်(ခ) မီးသီးနေထိုင်သော အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုတိသာလမ်းသွယ်(၁)၊ တိုက်အမှတ် (5/A)အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ RUGER SR-9 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ တင်အောင်လွင်(ခ)သားကြီး ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ဝင်းမင်းထွန်း(ခ)ရှမ်းပေါက်နှင့် စိုးမြတ်ဦး (ခ)တွတ်ပီတို့ ၂ ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယက်ခြင်းများ ဆောင်ရွက်ခဲ့သည့် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၂၁ ဦးအား ပစ္စတိုမျိုးစုံ ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည်မျိုးစုံ ၉၈ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ဖောက်ခွဲရေးသုံးဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ ဆားကစ်ပြား ၁ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင်နှင့် အောင်ကျော်ထက်တို့ ၃ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် KNLA တပ်မဟာ(၇) လှုပ်ရှားနယ်မြေ၌လည်းကောင်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင်၊ ရွှေသဉ္ဇာဦး၊ ဝင်းမင်းထွန်း(ခ)ရှမ်းပေါက်နှင့် စိုးမြတ်ဦး(ခ)တွတ်ပီတို့ ၄ ဦးသည် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၌ လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ ၁ လခန့် အသီးသီး တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဒလမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ဒလမြို့နယ်၊ ရာဇသင်္ကြန် ရပ်ကွက်နေ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရဲထက်နိုင်(ခ) ကျုံဒိုး တို့ခေါင်းဆောင်၍ ထက်လင်းဦး(ခ) ကိုထက်၊ ထူးထက်အောင်၊ အောင်ကျော်ထက်၊ နိုင်လင်း၊ တင်အောင်လွင်(ခ)သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ) ရန်ပိုင်၊ ဝင်းမင်းထွန်း(ခ) ရှမ်းပေါက်၊ စိုးမြတ်ဦး(ခ) တွတ်ပီနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ကြည်လွင်(ခ) မီးသီး၊ အောင်ကျော်စိုး၊ ကျော်လင်း၊ အောင်လွန်း၊ စစ်နိုင်၊ ဇင်မင်းထွန်း၊ ရန်ကျော်နှင့် ဒီပတို့ပါဝင်သော ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

·         ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်တွင် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ဒလ - တွံတေး ကားလမ်းဘေးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်ဖြိုးနိုင်နှင့် ပြည်ဖြိုးသူတို့မှ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ကျော်မျိုးအောင်နှင့် ထက်အောင်လင်းတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာ၊ အထက(၄)ကျောင်းရှေ့၌ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်ဖြိုးနိုင်နှင့် ပြည်ဖြိုးသူတို့မှ လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး ကျော်မျိုးအောင်နှင့် ထက်အောင်လင်းတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         ဩဂုတ်လ ၂၈ ရက်တွင် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန် လမ်းနှင့် ဒလ - တွံတေး လမ်းထောင့်ရှိ ဝတိံနန်းစတိုးဆိုင်ရှေ့၌ ထူးထက်အောင်မှ လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ)အငယ်ကောင်နှင့် အေးသီတာဝင်းတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         အောက်တိုဘာလ ၁၄ ရက်တွင် ဒလမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် တံတားဖြူ ရေမြောင်းအနီးရှိ အမှိုက်ပုံ၌ ဖမ်းဆီးရန်ကျန်တရားခံ ရဲထက်နိုင် (ခ)ကျုံဒိုးမှ လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ)အငယ်ကောင်နှင့် အေးသီတာဝင်း တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

·         ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထက်လင်းဦး(ခ) ကိုထက်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုးတို့သည် ဒလမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်ရှိ နယူးရွှေခရားကြီး လက်ဘက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော်မင်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်းနှင့် အေးသီတာဝင်းတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         မေလ ၁ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်သည် ဒလမြို့နယ်၊ ဝန်ထမ်းအိမ်ရာရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးချစ်မိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်းနှင့် ဟိန်းထက်(ခ)အငယ်ကောင်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         ဩဂုတ်လ ၁၄ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရဲထက်နိုင်(ခ)ကျုံးဒိုးတို့သည် ဒလမြို့နယ်၊ စက်မြေရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၌ အပြစ်မဲ့ပြည်သူ ဦးကျော်ကျော်ဝင်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ)အငယ်ကောင်နှင့် အေးသီတာဝင်းတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         ဩဂုတ်လ ၃၀ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်၊ ထူးထက်အောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုးတို့မှ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်အတွင်း၌ ရာအိမ်မှူး ဦးစိုးမင်းဦးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင်၊ အေးသီတာဝင်း၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမနှင့် သက်ဝါဦး(ခ)တုတ်တုတ်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         စက်တင်ဘာလ ၂၅ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်သည် ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၌ အပြစ်မဲ့ပြည်သူ ဦးဝဏ္ဏထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ)အငယ်ကောင်၊ ခိုင်ခိုင်ဝင်း(ခ) အရိုးမနှင့် သက်ဝါဦး(ခ)တုတ်တုတ်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

·         စက်တင်ဘာလ ၂၉ ရက်တွင် ထက်လင်းဦး(ခ)ကိုထက်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဇင်မင်းထွန်းသည် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထောင့်၌ တပ်ကြပ် မင်းထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး နိုင်လင်း၊ ဟိန်းထက်(ခ) အငယ်ကောင်နှင့် မင်းမင်းဦး(ခ) ကျော်ဦး(ခ) ဝေလွင်ဦးတို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် တရားခံပြေး ရဲနောင်မှ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများအား တရားခံပြေး ရဲနောင်က မြဝတီမြို့မှတစ်ဆင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒလမြို့နယ် NLD ပါတီအလုပ် အမှုဆောင် တရားခံပြေး ရဲနောင်၏ ခိုင်းစေချက်အရ ထူးထက်အောင်နှင့် ဖမ်းဆီးရန် ကျန်တရားခံ ရဲထက်နိုင်(ခ)ကျုံဒိုးတို့မှ ဦးဆောင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့် မှတ်တိုင်အနီးရှိ A ဘဏ်နှင့် ရတနာရွှေဆိုင်တို့အား ဓားပြတိုက်လုယက်မှုများ ကျူးလွန်၍ ရရှိသောငွေကြေးများအား အသုံးပြုကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဒလမြို့နယ် NLD ပါတီအလုပ် အမှုဆောင် တရားခံပြေး ရဲနောင်၏ ခိုင်းစေချက်အရ တင်အောင်လွင်(ခ)သားကြီး၊ ဦးသန်း၊ တင်ဇော်သိန်း(ခ)ဂန္ဓီ၊ ဇင်မိုးဦး၊ အောင်ဇော်မျိုးနှင့် ဇော်ဝင်းအောင်(ခ)စိန်ကုလားတို့သည် ဒလ PDF အကြမ်းဖက်အဖွဲ့အတွက် လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်း/ ပြည်ပရှိ အစွန်းရောက် NLD ပါတီဝင်များနှင့် အကြမ်းဖက်အဖွဲ့အား ထောက်ခံသူများထံမှ နည်းလမ်းမျိုးစုံဖြင့် အလှူငွေများကောက်ခံ၍ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment