Thursday, November 3, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်း တိုးတက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်း၊ ဥယျာဉ်တော်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။










ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်း၊ ပင့်တင်ခြင်းနှင့် ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းများ ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများခံယူပြီး အဆင့်ဆင့်စိစစ်၍ စကျင်ကျောက်တော်များ၌ ခေတ်မီစက် ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရေးထိုးပူဇော်လျက်ရှိသည့် အခြေအနေများနှင့် အလှူငွေကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ပတ်ဝန်းကျင် စိမ်းလမ်းသာယာမှုဆောင်ရွက်ရေးနှင့် လုပ်ဆောင်ရန်ကိစ္စရပ်များ စနစ်တကျ တွက်ချက်ဆောင်ရွက်ရန် အသေးစိတ် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိမှု၊ ပိဋကတ်ကျမ်းစာတော်များ ရေးထိုးပူဇော်နေမှုနှင့် ကျောက်စာရုံများ တည်ဆောက်နေမှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။ ၎င်းနောက် ခင်းကျင်းပြသထားသော အဆောက်အဦပုံစံငယ်များနှင့် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက် ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ် နမူနာများအား ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကျောက်စာရုံများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု၊ သုဓမ္မာဇရပ်များ တည်ဆောက်ပြီးစီးမှုနှင့် မုစလိန္ဒာအိုင် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာ အဆာရှိမှုများအား သိရှိနိုင်ရန် X-Ray ရိုက်စမ်းသပ်စစ်ဆေးခဲ့ကာ ဉာဏ်တော်နှင့် ပလ္လင်တော်များ ထုဆစ်ရရှိနိုင်မည့် အခြေအနေများကို လေ့လာတွက်ချက်ခဲ့ကြောင်း၊ ထို့နောက် စကျင် ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းထိ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ၎င်းမှတဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲများစွာကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ ရောက်ရှိလာသည့် ကျောက်တုံးတော်ကြီးများကို အဆင့်မြင့် နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီးအပါအဝင် အခြားသော သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်လျက်ရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ယခုတည်ထားကိုးကွယ်လျက်ရှိသည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီး ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment