Thursday, November 24, 2022

ပုလောမြို့နယ် ကဒဲကျေးရွာလမ်းဆုံအနီး၌ သံဃာတော်များအပါအဝင် ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော် နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သဘာဝတရားရိပ်သာမှ သံဃာ တော် နှစ်ပါး၊ သာသနာ့နွယ်ဝင် သီလရှင် သုံးပါး၊ ဒါယကာ/ဒါယိကာမ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ် 2K/---- နှင့် မော်တော်ယာဉ် အမှတ် SN/---- နှစ်စီးအား နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲ ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကဒဲကျေးရွာ လမ်းဆုံအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။




အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်ပစ်ခတ်

ဖြစ်စဉ်မှာ ၎င်းမော်တော်ယာဉ် နှစ်စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲခန့်တွင် ပုလောမြို့နယ် ကဒဲကျေးရွာ လမ်းဆုံအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်တစ်စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး ကျန်တစ်စီးမှာရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ PDF အမည်ခံအကြမ်း ဖက်သမားများ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တဇနက (၂၅ နှစ်)သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကြောင်း၊ ဒေါ်အေးသီတာလွင်၊ ဦးနန်းဦးနှင့် ဦးသက်အောင်ဇော်တို့တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။

ဖမ်းဆီးခံရသူများအား ပြန်လည်စေလွှတ်ပေးခဲ့

ယင်းနောက် PDF အမည်ခံ အကြမ်းဖက်သမားများက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းတို့ အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား ယနေ့ နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာ သင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူများအား ထားဝယ်မြို့သို့ ပို့ဆောင်၍ နယ်မြေခံ တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment