Thursday, November 24, 2022

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့သည့် တရားခံများအားဖမ်းဆီးရမိ

 

နေပြည်တော် နိုဝင်ဘာ ၂၃

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ ဘူတာရုံးခန်းအတွင်းသို့ ပစ္စတိုတစ်လက် ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား အမျိုးသား နှစ်ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်းအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ရုံးခန်းအတွင်းရှိ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထားလက်မှတ် ရောင်းရငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။













အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့မှ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိ ရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ၂၂ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ရေတာ ရှည်လမ်းဟောင်းရှိ လက်ဖက်ရည်ဆိုင်၌ မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ ဘူတာရုံးခန်းအား ဓားပြတိုက်လုယက်ရာတွင် ပါဝင်ခဲ့သည့် သူရိန်ထွန်း ()ဖိုးသား၊ ၎င်းနှင့် တရားမဝင် ပေါင်းသင်းနေသူ အိအိဇော်နှင့် ဝေလင်းအောင် တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့သည်။

တရားခံ သူရိန်ထွန်း ()ဖိုးသား၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ဧရာချမ်းသာကွန်ဒို၊ တိုက်အမှတ်(၁၀/ဘီ) (၁၅)လွှာ၊ အခန်းအမှတ် (၂၁၇) ၌ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ပါဝင်သည့် ဆက်စပ်တရားခံများဖြစ်သော ရဲရင့်ခန့်နှင့် ထွန်းလင်းအောင်တို့ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ ထွန်းလင်းအောင်၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄)ရပ်ကွက် ယုဇနဥယျာဉ်မြို့တော် တိုက်အမှတ်(၃၁) အခန်းအမှတ် (၃၀၃)Glock ပစ္စတို တစ်လက်၊ Sig Sauer ပစ္စတိုတစ်လက်၊ အမျိုးအစား (စိစစ်ဆဲ) ပစ္စတိုတစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ ကျည် အိမ်မျိုးစုံ ခြောက်ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာ အချောင်း ၁၀၀ နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဓားပြတိုက် လုယက်မှုကျူးလွန်ရာ၌ ပါဝင်ခဲ့သည့် တရားခံအမျိုးသား လေးဦး၊ အမျိုးသမီးတစ်ဦး ပေါင်း ငါးဦးတို့အား ပစ္စတိုမျိုးစုံ သုံးလက်၊ ခြောက်လုံးပြူး တစ်လက်၊ ကျည် အိမ်မျိုးစုံ ခြောက်ခု၊ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း တစ်ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ TNT ယမ်း တောင့် ၁၆ တောင့်၊ ဒီတိုနေတာ အချောင်း ၁၀၀ နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ သူရိန်ထွန်း()ဖိုးသားနှင့် ရဲရင့်ခန့်တို့ နှစ်ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် KNLA တပ်မဟာ () လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား တစ်လခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဓားပြ တိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက်/ ခဲယမ်းများအား ဖမ်းဆီးရန်ကျန်တရားခံ အားညီသည် မြဝတီမြို့မှတစ်ဆင့် သူရိန်ထွန်း() ဖိုးသားထံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက် လုယက်မှုဖြစ်စဉ် မဖြစ်ပွားမီ ဘူတာစာရေး သန်းဇော်ဦး(နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီးရမိ)သည် လက်ဖက်ရည်ဆိုင်သို့ ကြိုတင်သွားရောက် ရှောင်တိမ်းနေခဲ့ပြီး သူရိန်ထွန်း()ဖိုးသားနှင့် ရဲရင့်ခန့်တို့အား ဖုန်းဆက်၍ ပုဇွန်တောင် ဘူတာရုံးခန်း၌ ဘူတာစာရေး ဦးသိန်းဝင်းထွန်း တစ်ဦးတည်းသာ ကျန်ရှိနေခဲ့ပြီး ဝင်ရောက် ဓားပြတိုက်လုယက်ရန် သတင်းပေးခဲ့ကြောင်း၊ သို့ဖြစ်၍ သူရိန်ထွန်း()ဖိုးသားနှင့် ရဲရင့်ခန့်တို့သည် ပစ္စတိုတစ်လက် ကိုင်ဆောင်ကာ ပုဇွန်တောင်ဘူတာရုံးခန်းအတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် အားညီ၏ ခိုင်းစေမှုဖြင့် အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ်နှင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု နှစ်ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်-

·         ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား သူရိန်ထွန်း()ဖိုးသားနှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်မိုင်း တစ်လုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း။

·         ဩဂုတ် ၈ ရက်တွင် တာမွေမြို့နယ် ကျောက်မြောင်းကြီး(အရှေ့) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရာအိမ်မှူး ဦးကျော်မင်းဟန်အား သူရိန်ထွန်း () ဖိုးသားမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

·         စက်တင်ဘာ ၁၀ ရက်တွင် တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက် ဗညားဒလလမ်းပေါ်၌ သူရိန်ထွန်း()ဖိုးသား နှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်ရီမုမိုင်းတစ်လုံး ဖောက်ခွဲခဲ့ပြီး ရဲရင့်ခန့်မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

·         စက်တင်ဘာ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်ရပ်ကွက် အထက်ပုဇွန်တောင်လမ်း ပုဇွန်တောင် မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးအောင်အောင်အား သူရိန်ထွန်း()ဖိုးသားမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင် မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment