နေပြည်တော် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးအား NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အထက်ပါရပ်ကွက်နေ “အောင်ဆင်မင်း” လက်ဖက်နှင့်
အကြော်စုံဆိုင်ပိုင်ရှင်၊ အရာရှိတစ်ဦး၏ဇနီးဖြစ်သူ မဟန်နွေဦး(ဘ) ဦးဇော်ဦးတင်သည်
ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ၎င်း၏နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား အမျိုးသား ၂
ဦး၊ အမျိုးသမီး ၁ ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက်
မဟန်နွေဦး၏ မိသားစုဝင်များနှင့် ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ နေအိမ်အတွင်းရှိ
ဆွဲကြိုး ၁ ကုံး၊ နားကပ် ၁ ရံ၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၈
လုံးတို့အား ယူဆောင်ပြီး မဟန်နွေဦးအား ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာဘက်သို့
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားလျင်ဖြစ်ပွားချင်း
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍
သတင်းဆက်စုံစမ်း မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းမှုကို
လိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ မဟန်နွေဦးအား
မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်တမံ (ဒေသအခေါ်) တောင်ရွာဆည်
ရှင်းလင်းဆောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
အဆိုပါနေရာသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ
ဆောင်ရွက်ခဲ့ရာ NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ
အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည်
အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မဟန်နွေဦးအား
ဘေးကင်းလုံခြုံစွာဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင်
ပြန်လည်ကယ်တင်နိုင်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟန်နွေဦးအား
ဖမ်းဆီးချုပ်နှောင်ခဲ့သည့် တောင်ရွာဆည် ပတ်ဝန်းကျင်တစ်ဝိုက်သို့ လိုအပ်သည့်
လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
NUG ၊ CRPH တို့၏လက်ဝေခံ PDF
အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ အမျိုးသမီးများနှင့်
ကလေးသူငယ်များကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊
နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့်
အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု
တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်
ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက
အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့်
အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့
လျို့ဝှက်စွာ သတင်းပေးတိုင်ကြား၍ ရပ်ရွာအေးချမ်းသာယာရေး ပူးပေါင်းဆောင်ရွက်ကြပါရန်
အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။




No comments:
Post a Comment