နေပြည်တော် နိုဝင်ဘာ ၁၀
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဉီးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဉီးမြင့်ကြိုင်နှင့်
ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်
ဉီးအောင်လွင်ဉီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊
ဉီးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်
တက်ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင်
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမှားများကဲ့သို့
မဖြစ်စေရေး အဓိကထား ဆောင်ရွက်နိုင်ရန် ယနေ့အစည်ဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်
အဓိကမှားယွင်းသည်များမှာ နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ
ဖောင်းပွခြင်းနှင့် တစ်ဦးတည်းက ဆပွားပုံစံဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့်
မဲစာရင်းများ မမှန်မကန်ဖြစ်ပြီး ရလဒ်အဖြေများ မှားယွင်းခဲ့သည့်
ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများမှန်ကန်စေရန် ပထမအဆင့်အနေဖြင့်
နိုင် - ၄
နှင့်ပတ်သက်သည့် စာရင်းဇယားများကို အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊
ထိုသို့ဆောင်ရွက်သည့်အခါ စတင်ထုတ်ပေးသည်မှ နောက်ဆုံးအချိန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ
၅၂ သန်းကျော်ရှိကြောင်း၊ သက်ဆိုင်ရာ ကွန်ပျူတာပညာရှင်များနှင့် ဆော့ဝဲလ်များကို
အသုံးချ၍ စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်-၄ ကိစ္စစိစစ်
ဆောင်ရွက်သည့်အခါ တစ်ဦးတည်းမှ နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင်သူ အရေအတွက်သည် ၅
သိန်းကျော်ရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံသားစိစစ်ရေး နံပတ်ရှိပြီး အချက်အလက်များ
မစုံလင်သည့် နိုင်ငံသားစိစစ်ရေးကတ် ၁ သန်းကျော် တွေ့ရကြောင်း၊
ထိုသို့သောကိစ္စရပ်များသည် အစိုးရအဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့်
မှားယွင်းမှုများဖြစ်ပြီး နိုင်ငံအတွက်များစွာ အန္တရာယ်ရှိသည့်
ကိစ္စရပ်များဖြစ်သည့်အပြင် e-Government လုပ်ငန်းစဉ်အတွက်
အခြေခံအချက်အလက်များ မပြည့်စုံသည့် အန္တရာယ်လည်းဖြစ်ကြောင်း၊
“မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှသာ လူမျိုးပျောက်မည်” ဖြစ်ကြောင်း၊ ထိုသို့သော
မှားယွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် ယခုကဲ့သို့ ထိန်းချုပ်ရန် အဆင့်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို
ကွန်ပြူတာစနစ်ဖြင့် စိစစ်ပြီးနောက် ပုံစံ -၆၆/၆ ကို Software နည်းပညာဖြင့်
စစ်ဆေးသည့်အခါ ထုတ်ပေးစာရင်း စုစုပေါင်းမှာ ၁၃ သန်းကျော် စာရင်းတွေ့ရကြောင်း၊
အဆိုပါ ပုံစံ-၆၆/၆ အိမ်ထောင် စုစာရင်းများကို စိစစ်ရာတွင် သေဆုံးသွားသူများ၊ အကြောင်းအမျိုးမျိုးကြောင့်
နိုင်ငံခြားသို့ ရောက်ရှိသွားကြသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသူများစသည်ဖြင့်
စာရင်းများကိုလည်း တွေ့ရှိရကြောင်း၊ အိမ်ထောင်စုစာရင်းတွင် မိသားစုအမည်သာရှိပြီး
နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၂၂ သန်းကျော် တွေ့နေရကြောင်း၊ အသက် ၁၈ နှစ် အထက် ၁၄
သန်းကျော်သည် ပုံစံ ၆၆/၆ တွင် နိုင်ငံသားစိစစ်ရေးအမှတ်များ မဖြည့်ထားကြောင်း၊
အဆိုပါအချက်များသည် လူကြောင့် အမှားဖြစ်နိုင်သလို စာရင်းဇယား၊ အချက်အလက်များအား
အချိန်နှင့်တစ်ပြေးညီ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကာယကံရှင်များ၏
အားနည်းချက်များကြောင့်လည်း ဖြစ်နိုင်သည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ တတိယအဆင့်သွားသည့်အခါ
အထက်ပါ မှားယွင်းမှုများကို မြေပြင်တွင် သေချာစွာ စိစစ်ပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
တတိယအဆင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ စာရင်းသွင်းခြင်း၊ စစ်ဆေးပြင်ဆင်ခြင်းတို့ကို
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်များဦးစီး၍
ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ကွန်ပျူတာပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များအပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့်
ပူးပေါင်း၍ အမြန်ဆုံး မြေပြင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုဖြင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လူဦးရေစာရင်း တိကျမှန်ကန်ရေး
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်မှသာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်မည့် လွတ်လပ်ပြီးတရားမျှတသည့်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
မဲစာရင်းများ အမှန်တကယ်ပြုစုနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မှန်ကန်စွာ စာရင်းဇယား ကောက်ယူနိုင်မှသာ နောင်ဆက်လက်ဆောင်ရွက်မည့် e-ID စနစ်တွင် မှန်ကန်သည့် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်-၄
၊ ပုံစံ ၆၆/၆ ကိစ္စရပ်များနှင့်ပတ်သက်၍ မြေပြင်စာရင်း ကောက်ယူသည့်အခါ မသန်စွမ်း
အမျိုးအစား (၄)မျိုးကိုလည်း သေချာစွာ ရေးသား ဖော်ပြနိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် အစည်းအဝေးတက်ရောက်လာကြသူများက
ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ
ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက
နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


No comments:
Post a Comment