Saturday, November 5, 2022

ဆင်သေချောင်းဝဲယာ၌ သီးနှံများ စဉ်ဆက်မပြတ်စိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၄


နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ အောင်မြင်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များရွေးချယ်၍ စနစ်တကျစိုက်ပျိုးရေး၊ စိုက်ပျိုးရေရရှိရေး ကြိုးပမ်းဆောင်ရွက်၍ နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ပျဉ်းမနားမြို့နယ်မှ ကျေးရွာလေးရွာနှင့် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံကာ ဆင်သေချောင်းဝဲယာရှိ စိုက်ပျိုးမြေများ၌ ရာသီအလိုက် စဉ်ဆက်မပြတ်စိုက်ပျိုးသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဦးမြင့်စိုးက ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် နွေစပါးစိုက်ပျိုးရေး လျာထားဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆင်သေချောင်းဘေးဝဲယာရှိ စိုက်ပျိုးမြေအမျိုးအစားအလိုက် ဆိုလာရေတင်စနစ်ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ သနပ္ပင်ဆိပ်ကျေးရွာ၊ ကင်ပွန်းတန်းကျေးရွာ၊ အလယ်ရွာနှင့် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ စိုက်ပျိုးရေလိုအပ်မှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များတင်ပြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးဦးမြင့်စိုးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးဝင်းအတွင်းမြေ ၂ ဒသမ ၇ ဧက၌ သမဝါယမဦးစီးဌာနက ကြီးကြပ်စိုက်ပျိုးထားသော ဂရိတ်ဝေါတူမောရိုး စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ GW-11 စပါးမျိုး စမ်းသပ်စိုက်ကွက် ရိတ်သိမ်းခြွေလှေ့နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

GW-11 စပါးမျိုးများကို ဇူလိုင် ၂၇ ရက်မှစတင်၍ ဖော်ပြပါစိုက်ခင်း၌ ပျိုးထောင်စနစ်၊ အစေ့ချ(စီဒါ)စနစ်၊ ကြဲပက်စနစ်စသည့် စိုက်ပျိုးနည်းစနစ်သုံးမျိုးဖြင့် စိုက်ပျိုးခဲ့ပြီး ယနေ့ရိတ်သိမ်းခဲ့သော ပျိုးထောင်စနစ်စိုက်ဧက တစ်ဧကမှ စပါး ၁၂၆ တင်းထွက်ရှိပြီး ကျန်စိုက်ဧကများကို ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment