Wednesday, November 23, 2022

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးအပ်

 

နေပြည်တော် နိုဝင်ဘာ ၂၃

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။








အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် ဆုနှင်းသဘင် အထိမ်းအမှတ်ပြခန်းရှိ ဆုရရှိသူများ၏ အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များနှင့် စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “စာပေစွမ်းအား ကလောင်အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ မိမိနိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာအတွက် ကလောင်အစွမ်းဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို အလေးအမြတ်ဂုဏ်ပြုပြီး စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်က စတင်ကျင်းပလာခဲ့သည်မှာ ယခုအခါနှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစဉ်အလာကြီးမားပြီး ထူးမြတ်သည့် ယနေ့စာပေဆုနှင်းသဘင်အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း။

မိမိတို့ မြန်မာစာပေသည် ပုဂံခေတ် ၁၂ ရာစုအစတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ယခုမျက်မှောက် ခေတ်အထိဆိုပါက နှစ်ပေါင်း ၁၀၀၀ နီးပါး သက်တမ်းရှိပြီဖြစ်ပါကြောင်း၊ မြန်မာစာပေ၌ အစောဆုံး စာပေအရေးအသားအဖြစ် သက္ကရာဇ်အခိုင်အမာပါရှိသည့် ရာဇကုမာရ်ကျောက်စာကို ရည်ညွှန်းကြပါကြောင်း၊ မိမိတို့မြန်မာစာပေလောကကြီး နှစ်ပေါင်းကြာရှည် ရပ်တည်နိုင်ခြင်းသည် ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များ၊ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများ၏ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးမှု၊ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့်ပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးများ၏ကျေးဇူးကို ချီးကျူးဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအဝန်း နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့တွင် စာဆိုတော်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြခြင်း ဖြစ်ပါကြောင်း။

စာဆိုတော်နေ့ ဖြစ်ပေါ်လာပုံကို လေ့လာကြည့်သည့်အခါ ဂျပန်ခေတ်တွင် ပညာတံခွန်အသင်းက ကွမ်းခြံကုန်းမြို့၌ အဘိဓာန်နှင့် ပညာစွယ်စုံကျမ်းများ ပြုစုရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် “စာဆိုတော်ကြီး ဦးပုညနေ့ကျင်းပရန် စီစဉ်ခဲ့ကြပါကြောင်း၊ ရန်ကုန်မြို့မှာရှိသည့် ပညာတံခွန်အသင်းကြီးက စာဆိုတော်တစ်ဦးအတွက် နေ့တစ်နေ့ သတ်မှတ်ကျင်းပခြင်းထက် စာဆိုတော်အများနှင့် သက်ဆိုင်သည့် နေ့တစ်နေ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကျင်းပသင့်သည်ဟု အကြံပြုခြင်းကြောင့် ပညာတံခွန်အသင်းက ပုဂ္ဂိုလ်ကြီးများ၊ စာပေပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ပုဂ္ဂိုလ်များသည် ၁၉၄၄ ခုနှစ်၊ မေလ ၈ ရက်တွင် အစည်းအဝေးကျင်းပပြီး နှစ်စဉ် နတ်တော်လဆန်း ၁ ရက်၌ “မြန်မာစာဆိုတော်နေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရပါကြောင်း၊ ပထမအကြိမ် စာဆိုတော်နေ့အခမ်းအနားကို ၁၃၀၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) တွင် စတင်ကျင်းပခဲ့သည်မှာ ယနေ့ထက်တိုင် အဆိုပါအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ၇၈ နှစ်ကြာခဲ့ပြီ ဖြစ်ပါကြောင်း။

စာပေသည် “ခေတ်ရဲ့ကြေးမုံဟု ပညာရှိများက ကမ္ပည်းတပ်ကြပါကြောင်း၊ မြန်မာစာပေသမိုင်းတွင် နန်းသုံးတော်ဝင်စာပေများအပြင် ကျေးလက်ပြည်သူအလွှာစုံအထိ ပြည်သူ့အကျိုးပြုစာပေများသည် ခေတ်အဆက်ဆက်၏ ကြေးမုံပြင်တွင် အထင်အရှား ကျန်ရစ်ခဲ့ပါကြောင်း မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးရန်အတွက် ကြိုးပမ်းကြရာတွင် စာပေကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ စာပေပညာရှင်ကြီးများကို အားပေးချီးမြှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များ၏ စေတနာသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိပါကြောင်း၊ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆု စသဖြင့်စာဆိုတော်ကြီးများကို ဆုများပေးအပ်၍ ချီးကျူးဂုဏ်ပြုခြင်း၊ စာရေးဆရာ အသင်းအဖွဲ့များ ဖွဲ့စည်းပြီး စာပေလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့သည်လည်း မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်ကြပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်အစိုးရကလည်း မြန်မာ့ယဉ်ကျေးမှုအနုပညာ အသီးသီးဖြာထွက်ရာ ပင်မမဏ္ဍိုင်ဖြစ်သည့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်မျှော်ကိုးပြီး စာဆိုတော်ကြီးများ၏ စာပေလက်ရာမွန်များကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုအဖြစ်ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိသည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်ပြီ ဖြစ်ပါကြောင်း။

စာပေဆုများတွင် နိုင်ငံတော်အဆင့် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသားစာပေဆုကို ၁၉၄၈ ခုနှစ်က စတင်ပြီး အသွင်အမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း၊ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု မှ “စာပေဗိမာန်ဆု“အနုပညာစာပေဆိုင်ရာဆု“အမျိုးသားစာပေဆု စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲချီးမြှင့်ခဲ့ပါကြောင်း၊ ဆုချီးမြှင့်မည့် ဘာသာရပ်များကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုး ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း။

ထို့ပြင် မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြု ချီးမြှောက်သည့်အနေဖြင့် “အမျိုးသားစာပေ တစ်သက်တာဆု ကို ၂၀၀၁ ခုနှစ်တွင်စတင်၍ ချီးမြှင့်ခဲ့ပါကြောင်း၊ ၎င်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန် အခက်အခဲရှိသည့် ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ်ထုတ်ဝေပေးရန်နှင့် ဆုချီးမြှင့်နိုင်ရေး ရည်ရွယ်ပြီး ပြိုင်ပွဲဝင်စနစ်ဖြင့် “စာပေဗိမာန်စာမူဆု အဖြစ်ရွေးချယ်ပြီး ဘာသာရပ် ၁၄ မျိုးအထိ ဆုချီးမြှင့်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားတွင် အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက် ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၈ ခုကို ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ပါကြောင်း။

ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ကြီး လေးဦးသည်လည်း မိမိတို့ဘဝတစ်လျှောက်လုံး စာပေလောကထဲတွင်နှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသ စာပေများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ ယခုစာပေပညာရှင်ကြီးများ၏ စာပေလက်ရာများသည် မြန်မာစာပေလောက ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရုံသာမက “စာပေမြင့်မှ လူမျိုးတင့်မည် ဆိုသည့် ဆောင်ပုဒ်အတိုင်း၊ နိုင်ငံနှင့် လူမျိုးအကျိုး မြှင့်တင်ပေးနေသည့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုချီးမြှောက်ခွင့်ရသဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။

၂၀၂၁ ခုနှစ်အတွက် စာပေဆုရရှိခဲ့ကြသည့် စာရေးသူများနှင့် စာအုပ်များကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်တို့ပါဝင်ကြပြီး အတွေးစုံ၊ အမြင်စုံ၊ ရသစုံစွာ စာပေအဆင့်အတန်းမီအောင် ရေးဖွဲ့ထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါကြောင်း၊ ဆုရရှိကြသူများထဲတွင် နိုင်ငံသိစာရေး ဆရာကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဝန်များ၊ တပ်မတော်အရာရှိများ၊ အငြိမ်းစားဝန်ထမ်းများ ပါဝင်ကြသကဲ့သို့ ဝါသနာကိုအရင်းတည်ပြီး မွေ့လျော်ရာ စာပေနယ်ကိုတိုးဝင်ရန် ကြိုးပမ်းလာကြသည့် စာပေဝါသနာရှင်များ ဆုဆွတ်ခူးရရှိခဲ့ကြသည်ကို တွေ့ရသဖြင့် ကျေနပ်အားရ ဖြစ်မိပါကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများသည် အရေးပါသကဲ့သို့ ဉာဏပစ္စည်းဆိုင်ရာများကလည်း ထပ်တူအရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုသုခုမပညာရပ်များသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာတွင် အဓိကအခြေခံထားကြပါကြောင်း၊ နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်ခဲ့ကြသည့် မြန်မာမင်းများလက်ထက်မှစပြီး နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် စာပေအနုပညာ ယဉ်ကျေးမှုနယ်ပယ်မှ စာပေနှင့်အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှောက်ခဲ့ကြပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် စာပေနှင့် အနုပညာနယ်ပယ်က ထူးချွန်သူ ၂၅ ဦး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ၈ ဦးနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့တွင် ၇ ဦးတို့ကို အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ အလင်္ကာကျော်စွာဘွဲ့ကို စာပေနှင့်အနုသုခုမ ပညာရပ်များတွင်ထူးခြား ကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်ကစ၍ ယနေ့မျက်မှောက် ခေတ်ကာလအထိ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူပေါင်း ၆၄ ဦး ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များထဲတွင် စာပေပညာရှင်များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး၊ ဆရာမကြီး ၁၉ ဦးလည်း အပါအဝင် ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူများကို စဉ်ဆက်မပြတ် ချီးမြှင့်သွားမည်လည်း ဖြစ်ပါကြောင်း။

ထို့ပြင် စာပေအနုပညာနယ်ပယ်၌ ခေတ်အဆက်ဆက်က မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာပေအနုပညာရှင် စာရေးဆရာတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အစိုးရလက်ထက်တွင်လည်း အနုပညာနယ်ပယ်အသီးသီးရှိ အနုပညာဖန်တီးမှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် “အနုပညာဗဟိုဌာန အဆောက်အဦ (Art Centre)” များနှင့် စာပေလောကသားများ စုစည်းဆောင်ရွက်စေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်အတွက် “စာဆိုဗိမာန်ကိုလည်း တည်ဆောက်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

ယခုအခါ မိမိတို့နိုင်ငံတွင် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အရှိန်အဟုန်ဖြင့် ချီတက်နေသည့်အချိန် ဖြစ်ပါကြောင်း၊ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက် မိမိတို့နိုင်ငံသားများ၏ အထူးသဖြင့် အနာဂတ် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြမည့် လူငယ်များ၏ အတွေးအခေါ်၊ အသိပညာ တိုးတက်ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံတကာအလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်ရန် မီဒီယာများပေါင်းစည်း ဆောင်ရွက်မှုကဏ္ဍ ဖွံ့ဖြိုးရန်လည်း လိုအပ်ပါကြောင်း။

လူမှုရေးဦးတည်ချက် သုံးရပ်ဖြစ်သည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” စသည့် ဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရန်မှာ စာပေပညာရှင်ကြီးများ အပါအဝင် ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် အနုပညာရှင်အသီးသီး၏ စစ်မှန်ကောင်းမွန်သည့် စွမ်းဆောင်မှုများက များစွာထိရောက်အောင်မြင်စေမည် ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။

ယနေ့ကဲ့သို့ ပညာခေတ်တွင် ရုပ်ဝတ္ထုများဘက်ပေါင်းစုံက အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်နေသည်နှင့်အညီ အဆိုပါရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးချနေသည့် မိမိတို့လူသားများ၏ အသိပညာမြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း အရေးပါလာသည်ကို တွေ့ရပါကြောင်း၊ လူများတွင် အဖိုးတန်ဆုံးသောအရာသည် အသိပညာပင် ဖြစ်ပါကြောင်း၊ အသိပညာကို အတွေ့အကြုံနှင့် စာပေက ရနိုင်သည့်အတွက် လူတိုင်း စာဖတ်သင့်ကြောင်း ရှေးအဆက်ဆက်ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်အားလုံးတို့၏ တူညီသောမြွက်ဟမှုသည်လည်း စာဖတ်တယ်” ဆိုသည့် စကားပင်ဖြစ်ပါကြောင်း၊ လူတိုင်းသည် ကိုယ်တွေ့ဖြင့်သာ မည်သည့်အလုပ်၊ မည်သည့်အကြောင်းအရာကိုမျှ ကုန်စင်အောင် မသိနိုင်ပါကြောင်း၊ နှစ်ပေါင်းများစွာ ကြုံတွေ့ရရှိခဲ့သည့် လူပေါင်းများစွာတို့၏ အသိများ၊ အတွေးများကို စုစည်းထားသည့် စာအုပ်စာပေများကို ဖတ်ကြမှသာ လုံလောက်သည့် အသိပညာ အလိမ္မာကို ရရှိစေမည် ဖြစ်ပါကြောင်း။

တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် စကားအတိုင်း နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တိုင်းရင်းသားလုပ်သားပြည်သူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ အ‌တွေးအခေါ်၊ အယူအဆစသည့် ပြည်သူများ၏ ရပ်တည်လုပ်ဆောင်မှုကဏ္ဍသည် အရေးကြီးပါကြောင်း၊ ပြည်သူများကို အသိပညာ ဗဟုသုတနှင့် စိတ်ဓာတ်မြင့်မားရေးကို စာပေအနုပညာရှင်ကြီးများအားဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့နိုင်ငံကြီးသည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်ဟု တိုက်တွန်းမှာကြားလိုပါကြောင်း။

စာပေပညာရှင်ကြီးများ၊ သတင်းစာပညာရှင်ကြီးများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် စာပေရေးသားခြင်းလုပ်ငန်းများ၊ သတင်းစာပညာရပ်များနှင့် မီဒီယာလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးကို ဦးတည်ဆောင်ရွက်ပေးကြရန် လိုအပ်သည်ကို တိုက်တွန်းမှာကြားလိုပါကြောင်း။

ယနေ့အခမ်းအနားသည် မိမိတို့၏ ဝါသနာကိုအခြေခံပြီး စိတ်ကောင်းစေတနာ ထပ်ဆင့်လောင်းကာ နိုင်ငံအတွက် စာပေတာဝန်များကိုကျေပွန်စွာ ကြိုးစားထမ်းဆောင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သဖြင့် မိမိတို့အားလုံးသည် ဆုချီးမြှင့်ခံကြရသည့် စာရေးဆရာကြီးများနည်းတူ ကြည်နူးဝမ်းသာ ဖြစ်ကြရပါကြောင်း၊ နိုင်ငံနှင့်ပြည်သူလူထု အကျိုးအတွက် ကလောင်စွမ်းနှင့် ဆတက်ထမ်းပိုး ဆက်လက်သယ်ပိုးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း။

မြန်မာ့သမိုင်းတစ်လျှောက်တွင် ရဟန်းစာဆို၊ လူစာဆိုများအပါအဝင် မြန်မာစာဆိုတော်ကြီးများ၏ မြန်မာစာပေအားဖြင့် နိုင်ငံ့အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့မှုများကို ချီးကျူးဂုဏ်ပြု ပူဇော်ခြင်းဖြစ်သည့် စာဆိုတော်နေ့ကျင်းပခြင်းနှင့် စာပေဆုများ ချီးမြှင့်ပေးသည့်ဓလေ့ကို ဝါရင့်စာပေပညာရှင်တို့က ဆက်လက်သယ်ဆောင် ထိန်းသိမ်းကြပြီး “စာရေးဆရာနီတိကို စောင့်ထိန်းကြသည့်၊ ခေတ်ကိုထင်ဟပ်ဖွဲ့ဆိုကြသည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်ကြသည့် မျိုးဆက်သစ် စာရေးဆရာများ၊ ကလောင်သစ်များ တိုးပွားလာစေရေး ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

ယနေ့အခမ်းအနားကို တက်ရောက်အားပေးကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စာပေဆုရရှိသူများ၊ စာပေပညာရှင်ကြီးများ၊ အထူးသဖြင့်ယခုကဲ့သို့ စာပေဆုများ အောင်မြင်စွာချီးမြှင့်နိုင်စေရန် အချိန်ကုန်၊ လူအားစိုက်ထုတ်ပြီး စာပေစေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့် စာပေဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စာပေပညာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာမျိုးသန့်တင်နှင့် ဒေါက်တာဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း- ပညာရေးတက္ကသိုလ်) ကိုယ်စား သမီးဖြစ်သူတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသား စာပေဆုရရှိကြသည့် ဝတ္တုတိုဆုရှင် မင်းခိုက်စိုးစန်၊ စာပဒေသာဆုရှင် စိုးတင့်(ဧရာဝတီ)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုရှင် ရွှေကူနန်းနွဲ့နွဲ့၊ လူငယ်စာပေဆုရှင် အကြီးကိုကို (ကသာ)နှင့် ဘာသာပြန်(သုတ)ဆုရှင် သက်ဆွေတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆုရရှိသူများနှင့် စာပေဗိမာန် စာမူဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စာပေဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဆရာကြီးနှင့် ဆရာမကြီး ၄ ဦးတို့အား အမှတ်တရ စုပေါင်းဓာတ်ပုံများကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment