Wednesday, November 23, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့တွင် အသက် ၄ လ ပြည့်မြောက်သည့် “ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာအာဟာရများကျွေးမွေး

 

နေပြည်တော် နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန်နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားခဲ့သည့် ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေးသည် ယနေ့တွင် အသက် ၄ လတင်းတင်း ပြည့်မြောက်ခဲ့သည်။

အဆိုပါ ရဋ္ဌနန္ဒက” ရတနာဆင်ဖြူတော်လေးအပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် အစာအာဟာရများ သွားရောက်ကျွေးမွေးသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ရတနာဆင်ဖြူတော်လေးနှင့် မိခင်ဆင်မကြီး ဇာနန်းလှ၊ ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ အခြားရတနာ ဆင်ဖြူတော်များဖြစ်ကြသည့် ဘဒ္ဒဝတီ” “နန္ဒဝတီ” “ငွေဆဒ္ဒန်” “ဟေမဝတီ” ဇာတကလျာ” “သီရိမာလာ”နှင့် အဖော်ဆင်များကို အစာအာဟာရများ ကျွေးမွေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရဋ္ဌနန္ဒက” ဆင်ဖြူတော်လေး၏ ကျန်းမာရေးအခြေအနေများ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ဆင်ဖြူတော်များနှင့် အဖော်ဆင်များအတွက် အစာအာဟာရကျွေးမွေးရန် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ)မှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော် ကလေးဖြစ်ကြောင်း၊ အထက်ပါဆင်ဖြူတော်ကလေးမှာ ယခုအသက် ၄ လပြည့် မြောက်သည့်အချိန်တွင် အရပ်အမြင့် ၂ ပေ ၁၁ လက်မ၊ ကိုယ်လုံး လုံးပတ် ၄ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၈၈ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment