Wednesday, November 23, 2022

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ



နေပြည်တော် နိုဝင်ဘာ ၂၃

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာလ (၄) ရက်မှ (၂၁) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေးအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၅,၀၃၇ ဦး၊ ခွဲစိတ်ရောဂါ ၇၅၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၂၂ ဦး၊ ကလေးရောဂါ ၇၀၅ ဦး၊ အရိုးရောဂါ ၂၂၈၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၅၃ ဦး၊ မျက်စိရောဂါ ၂,၈၇၀ ဦးနှင့် သွားရောဂါ ၉၂၄ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၃,၈၅၉ ဦး တို့ကိုလိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ် လူနာ ၂၁၄ ဦး၊ အထွေထွေခွဲစိတ်လူနာ ၄၁ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၈၀ ဦး၊ Ultrasound ရိုက်လူနာ ၅၇၉ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၅၈၁ ဦးနှင့် ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၅၈၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂ ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ်ထိန်ဝင်းက ပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၅)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၂၆,၁၆၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၁၇ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment